ကြည့်စေချင်
Photo: google
ဧရာဝတီရဲ့ သတိုးသား
မှတ်ချက် ။ ။ မြန်မာနိုင်ငံသား တရုပ်လူမျိုးများနှင့် ကုလားများအား ဆိုလိုနေခြင်းမဟုတ်ပါ။
မြန်မာ ကိုရီးယား အပိုင်းအစအချို့ တို့ အကြောင်း ( ၂ )
ဒီဆောင်းပါးကလည်း ၂၀၀၈ တုန်းက Burmatoday မှာတင်ခဲ့ဘူးတဲ့ ဆောင်းပါးလေးပါ
မြန်မာ ကိုရီးယား အပိုင်းအစအချို့ တို့ အကြောင်း ( ၂ )
စာရေးသူအိမ်တံခါး ဖွင့်လိုက်တော့ အိမ်အောက်ထပ်မှ ကိုရီးယား အမျိုးသားကြီး တဦးက “မီးဖိုး၊ ရေဖိုး နှစ်လစာ” ဟု ကြွေးတောင်းပါလေတော့သည်။ အမှန်တော့ မီးဖိုး၊ ရေဖိုးသည် ပေါ်ထပ် နှင့် အောက်ထပ် ပေါင်း၍ ဆောင်ရသောကြောင့်ပင်၊ စာရေးသူ နှင့် သူုငယ်ချင်းသည် ညမိုးချုပ်မှ အိမ်ပြန်ရောက်လာတတ်သောကြောင့် မဆုံဖြစ်ပေ၊ သူုငယ်ချင်းနှင့် မနေ့ ညကဆုံ ဖြစ်တော့ ဒီနေ့ ပေးမည်ဟု ပြောထားသောကြောင့် လာတောင်းခြင်းပင် ။ စာရေးသူ လည်းဘယ်လောက်ကျသလဲဟု မေးကာ ပိုက်ဆံအိတ်ကို ဖွင့်၍ပေးမည်ဟုပိုက်ဆံအိတ် အတွင်း လက်ကျန်ငွေ များကို ရေတွက်ကြည့်ရာ မလောက်ငှပေ၊ ကိုရီးယား အမျိုးသားကြီးအား မနက်ဖြန် ဆက်ဆက်လာပေးမည်ဟု အကျိုးအကြောင်းရှင်းပြကာ တောင်းပန်လိုက်တော့ “ အိုကေ၊ အိုကေ ၊” ဟု ပြောကာ ပြန်ဆင်းသွားလေတော့သည်။အခုမှ စာရေးသူလည်းဇတ်လည်သွားတော့သည်။ သူုငယ်ချင်းကလည်း စာရေးသူ၏ ပိုက်ဆံအိတ်အတွင်း ပိုက်ဆံ ရှိ မရှိကို ကြိုတင်ပြီး အကြားအမြင် ရထားသော ဗေဒင်ဆရာ ထက်ပို ၍သိနေသောကြောင့်ပင် တည်း ။
သြော်…အကြွေး အကြွေး အကြွေး၊ စာရေးသူ အကြိုက်ဆုံးရုပ်ရှင် သရုပ်ဆောင်ကျော်ဟိန်းနှင့် ကျော်သူတို့ သရုပ်ဆောင်ထားသော ” အကြွေး” ဟူသောဗွီဒီယို ဇာတ်ကားကို ပြန်လည် သတိရမိတယ်။ ပြီးတော့ ကိုရီးယား နိုင်ငံမှာနေခဲ့သည့်အချိန်တွေ ကို ပြန်စဉ်းစားမိတယ်။ နှလုံးသားနှင့် ပတ်သက်သည့် အကြွေး ။ အလုပ်လစာနှင့် ပတ်သက်သည့် အကြွေး ၊ ပြီးတော့ အမျိုးသားရေးနှင့် ပတ်သက်သည့် အကြွေး ၊ အကြွေး တွေ အများ အများကြီးပါဘဲ ။ နှလုံးသားနှင့် ပတ်သက်သည့် အကြွေး ကိုတော့ ပြန် မတောင်းချင်တော့ပါ ။
စာရေးသူအနေနှင့် ကိုးရီးယားနိုင်ငံရေး အသိုင်းအ၀န်းနှင့် အစိုးရ မဟုတ်သော အဖွဲ့ အစည်းများနှင့် ဆက်ဆံ ဆွေးနွေးမှုများသည် အဆင်ပြေတာများ ရှိသလို တခါတလေ ကတောက်ကဆ အဆင်မပြေတာတွေလည်း အများကြီးပါဘဲ။ ကိုးရီးယားရှိ အစိုးရမဟုတ်သော အဖွဲ့ အစည်း အသိုင်းအ၀ိုင်းတွေထဲမှာ စေတနာ အရင်းခံနှင့် ကူညီနေသူအချို့  ရှိသလို တခြားအမြင်တခုနှင့် ဆက်ဆံနေသူ တွေလည်းရှိပါတယ်။ သူတို့  ကူညီမှုတွေအထူးသဖြင့် နယ်စပ်ဒေသဆီ ကူညီတာလေးတွေကို အကြောင်းပြုပြီး ကျေးဇူးရှင်သဖွယ် ယုံကြည်မှု လွန်ကဲနေသူတွေကလည်း အများကြီးပါ။
တကယ်တော့ နယ်စပ်ဒေသကို ကူညီမှုဆိုတာ ဒေါ်လာသိန်းဂဏန်းလောက်ပဲ ရှိပါတယ် ။ ကိုးရီးယားနိုင်ငံကို ၁၉၉၀ ခုနှစ်လောက်ထဲက မြန်မာအလုပ်သမားတွေ နည်းမျိုးစုံနဲ့  ရောက်လာကြပြီး Dirty, Difficult, Dangerous ဆိုတဲ့ 3D အလုပ်ကို လုပ်နေကြပါတယ်။ ၁၉၉၄ ခုနှစ်လောက်မှာတော့ သင်တန်းသား အလုပ်သမားများတထောင်လောက် ရောက်ရှိလာကြပါတယ်။ ၁၉၉၄ ခုနှစ် နောက်ပိုင်းမှာတော့ မြန်မာ အလုပ်သမား တရားဝင်ရော၊ တရားမ၀င် အလုပ်သမားတွေရော ရှစ်ထောင်ဝန်းကျင်လောက် ဖြစ်လာပါတယ်။ ၁၉၉၇ ခုနှစ် နောက်ပိုင်းမှာတော့ ကိုးရီးယားနိုင်ငံရဲ့ စီးပွားရေးအကျပ်အတည်းကြောင့် လုပ်ငန်းတွေ တော်တော်များများဟာ ရပ်ဆိုင်းသွားခဲ့ကြတယ်။  နိုင်ငံခြားသား အလုပ်သမား တော်တော်များများလဲ ပြန်သွားခဲ့ကြပါတယ်။
အဲ့ဒီလို ပြန်သွားခဲ့ကြတဲ့ နိုင်ငံခြားအလုပ်သမား အများစုဟာလည်း လုပ်အားခတွေ တလစာ နှစ်လစာ သုံးလစာ အစသဖြင့် ဆုံးရှုံးခဲ့ကြရတယ်။ ကျန်ရှိနေခဲ့သောအလုပ်သမားလည်း လုပ်အားခတွေကို မကြာခဏ ဆုံးရှုံခဲ့ပြီး မရရှိတဲ့သူတွေ ရှိနေဆဲပါ။ ထောင်နံ့  ချီတဲ့မြန်မာ အလုပ်သမား တွေ ဆုံးရှုံးခတဲ့ လစာငွေဟာလည်းဒေါ်လာ သန်းနဲ့  ချီပြီးရှိပါတယ်။ နယ်စပ်ဒေသကို ကူညီတဲ့ငွေနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မြန်မာအလုပ်သမားတွေ ကိုးရီးယားအလုပ်ရှင်တွေကို လုပ်အားဖြင့်ပေးဆပ်ခဲ့ရတဲ့ ငွေဟာ အဆမတန်ပိုများလွန်းပါတယ်။ မြန်မာနှိင်ငံမှာ စက်ရုံတွေဆောက်ပြီးမြန်မာ အလုပ်သမားတွေနဲ့  လည်ပတ်နေတဲ့ ကိုရီးယားလုပ်ငန်းတွေ အများကြီးရှိပါတယ်။ အဲဒီ လုပ်ငန်းရှင်တချို့ နဲ့  စာရေးသူ တွေ့ ဆုံစကားပြောခဲ့ တုန်းက သူတို့ ကြောင့်သာလျှင် မြန်မာလူမျိုးတွေ အလုပ်လုပ် ကိုင်နေကြရကြောင်း ပြောပြီး တကယ့်ကျေးဇူးရှင် ပုံစံ ပြောနေကြပါတယ်။
ကိုရီးယားလုပ်ငန်းရှင်တွေဟာ လုပ်အားခ ပေါပေါရဖို့ အတွက် အာရှရဲ့  မဖွံ့ ဖြိုးသေးတဲ့ နိုင်ငံတွေမှာ စက်ရုံတွေ ဆောက်ပြီးစီးပွားရှာနေကြပါတယ်။ အဲဒီနိုင်ငံတွေထဲမှာ တရုတ်၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံတွေ ပါရှိပါတယ်။စာရေးသူလည်း ကိုရီးယားတက္ကသိုလ် တခုမှာဘွဲ့ လွန်တက်နေကြတဲ့ ကျောင်းသား၊ကျောင်းသူတွေနဲ့  မကြာခဏ တွေ့ ဆုံဖူးပါတယ်။ မိမိနိုင်ငံတွေရဲ့ အခြေအနေများကို ပြောကြားကြပြီး ဆွေးနွေးဖလှယ်ကြပါတယ်။ အဲ့ဒီအထဲမှာ စာရေးသူဟာ ဗီယက်နမ်ကျောင်းသားတွေနဲ့ စကားပြောခဲ့တုန်းက သူတို့နိုင်ငံအတွင်း ကိုရီးယားလုပ်ငန်းရှင်တွေရဲ့ လည်ပတ်နေမု အကြောင်းကိုဆွေးနွေးခဲ့ဘူးတယ်။ သူတို့နိုင်ငံမှာဆို ကိုရီးယားစက်ရုံတွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေဟာ သူတို့ နိုင်ငံရှိ အလုပ်သမားဝန်ကြီးဋ္ဌာနရဲ့ ကြီးကြပ်မှုနဲ့ တနေ့တာအလုပ်ချိန်ရှစ်နာရီ အခြေခံလုပ်အားခလစာ ဒေါ်လာ ၅၀ မှ ၈၀ အထိ ရရှိကြပါတယ်၊ ဒါပေမယ့် မြန်မာအလုပ်သမားတွေကတော့ ဒီလို မဟုတ်ပါဘူး။ စာရေးသူဟာကိုရီးယားစက်ရုံတရုံမှာ အလုပ်လုပ်နေတဲ့လူငယ်တယောက်နဲ့  စကားပြောဖူးပါတယ်။ သူဟာအဲ့ဒီစက်ရုံမှာ လေးနှစ်လောက် လုပ်သက်ရှိပြီး ဘွဲ့ရရှိသူတဦးလည်းဖြစ်ပါတယ်၊ သူ့ရဲ့အခြေခံလစာဟာ မြန်မာငွေ ကျပ်တသောင်းရရှိပါတယ်။ ဒါပေမယ့် တနေ့ကိုအလုပ်ချိန် ၁၄ နာရီလောက် အလုပ်လုပ်ရပြီး ပိတ်ရက်တွေမှာ လုပ်တဲ့လုပ်အားခ အပါအ၀င် စုစုပေါင်းတလလုပ်အားခဟာ မြန်မာငွေ သုံးသောင်းလောက် ( ဒေါ်လာ ၂၅ ခန့်  ) ရရှိပါတယ်။
ကိုရီးယားလူမျိုးတဦး၏ သာမန်အခြေခံလစာ ဒေါ်လာ ၁၅၀၀ ခန့် ရရှိပြီး အမျိုးသမီး၏ လစာဟာ ဒေါ်လာ ၁၀၀၀ လောက် ရရှိပါတယ်။ ဒါတွေဟာ စက်ရုံတွေမှာ အလုပ်လုပ်တဲ့ လစာငွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာရှိ ကိုရီးယားစက်ရုံတရုံမှာ ရရှိတဲ့ မြန်မာ အလုပ်သမားတယောက်ရဲ့ အခြေခံလစာဟာ မြန်မာငွေ တသောင်း၊ ကိုရီးယားငွေဆိုလျှင် ၇၅၀၀ ၀မ် လောက် ဖြစ်ပါတယ်။ တရက်စာဆိုလျှင် ၂၅၀ ၀မ် လောက်ရရှိမှာဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံမှာ ပီကေ တခု ၀ယ်စား မယ်ဆိုလျှင်၊ ဒါမှမဟုတ် လမ်းဘေးကော်ဖီစက်ထဲမှာ အကြွေထည့်ပြီး ကော်ဖီ ၀ယ် သောက် မည်ဆိုလျှင် ၀မ် ၃၀၀ ရှိပါတယ်။ ဒီတော့ မြန်မာနိုင်ငံရှိ ကိုရီးယားစက်ရုံတွေက မြန်မာ အလုပ်သမားတယောက်ရဲ့ တနေ့လုပ်ခဟာ ကိုရီးယားနိုင်ငံမှာ ကော်ဖီတခွက်၊ပီကေ တခုဖိုးလောက်တောင် မရှိပါဘူး ။ ဒါကြောင့် ကိုရီးယားတွေဟာ မြန်မာတွေရဲလုပ်အားကို အလကား ရရှိနေတယ်ဆိုတာ ထင်ရှားပါတယ်။ ( ကိုရီးယားလုပ်ငန်းတွေကို လုပ်ခနည်းနည်းပေးအောင် သင်ကြားပေးသူတွေကတော့ မြန်မာစစ်အစိုးရနဲ့ ဦးပိုင် ကုမ္ပဏီတို့ ဖြစ်ပါတယ်။ ၁၉၉၀ လွန်ကာလ ကိုရီးယားက ဒေ၀ူးအပါအ၀င် အထည်ချုပ်လုပ်ငန်းတွေ မြန်မာပြည်မှာ စတင် လုပ်ကိုင်တော့ စက်ချုပ်သမတွေကို တလ အမေရိကန် ဒေါ်လာ ၁၀၀ ပေးမယ်လုပ်တော့စစ်အစိုးရခေါင်းဆောင်တွေ တရားဝင်ရတဲ့လခထက် များသွားမှာစိုးလို့ ဆိုပြီး တလကိုမြန်မာငွေ သုံးထောင်ကျပ်နဲ့  လခပေးဖို့ ၊ အဲ့ဒီလခနဲ့  ညီတဲ့အမေရိကန် ဒေါ်လာကို့ ဦးပိုင် ကုမ္ပဏီ ကရယူပြီ့း ဦးပိုင် ကုမ္ပဏီက အလုပ်သမားတွေကို မြန်မာငွေနဲ့  လခ ပေးရာကစတင်ပြီး မြန်မာ အလုပ်သမားကို ဈေးပေါပေါနဲ့ ရနိုင်တဲ့နည်းကို နိုင်ငံတကာလုပ်ငန်းရှင်တွေက သိသွားကြပါတယ်။ - အယ်ဒီတာ Burma Today )
ပြီးခဲ့သော ရက်ပိုင်းအတွင်း ကိုရီးယားအစိုးရ အရာရှိတချို့နှင့် စကားပြောဖြစ်တုန်းက သူတို့က မြန်မာပြည်ကို ကျမ္မာရေးနှင့် ပြည်သူတွေအတွက် တနှစ်ကို ဒေါ်လာ ငါးသန်းခန့် ကူညီနေကြေင်း ပြောပြခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်က မြန်မာပြည်သူတွေ ကျမ္မာရေးအတွက် ကုလသမဂ္ဂက တိုက်ရိုက်ကူညီခဲ့တာရှိပါတယ်။ ကုလသမဂ္ဂ တိုက်ရိုက်လက်အောက်ခံ ICRC က အေအိုင်ဒီစက်စ်၊ အိပ်ခ်ျအိုင်ဗွီ၊ ငှက်ဖျားနှင့် တီဘီရောဂါ ကာကွယ်ကုသရေးအတွက် ကုလသမဂ္ဂ ICRC ဝန်ထမန်းတွေဟာ မြန်မာနိုင်ငံတဝှမ်းမှာ ရုံးဖွင့်ပြီး ကူညီခဲ့ပါတယ်။ ပြဿနာက ICRC ဝန်ထမ်းတွေဟာ မြန်မာနိုင်ငံအတွင်းမှာ ခြေဆန့်ကူညီခဲ့ပေမယ့် နအဖ အစိုးရဟာ နယ်မြေကန့်သတ်မှု့ ပိတ်ပင်တားဆီးမှု့တွေကို ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့ပါတယ်။ နအဖ အာဏာပိုင်တွေဟာ ကုလသမဂ္ဂ အကူညီတွေကို သူတို့စီကို တိုက်ရိုက်ပေးစေခြင်း သူတို့မှတဆင့် ကူညီပေးစေလိုပါတယ်။ ဒါပေမယ့် တကယ်တန်းကြတော့ သူတို့တွေစီက တဆင့်ကူညီရေးဆိုတာ အဖြစ်သဘောဖြစ်ပြီး ပြည်သူ့အတွက် မဟုတ်ပဲ သူတို့အတွက် ဖြစ်သွားပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေကလည်း ကုလသမဂ္ဂ ဝန်ထမ်းတွေနဲ့အတူ အကူညီပေးနေတာကိုလည်း နအဖ ဟာ မနှစ်မြိုခဲ့ပါဘူး။ ဒါကြောင့်မို့ နောက်ဆုံး ကုလသမဂ္ဂ အကူညီတွေဟာ နအဖ၏ ချုပ်ချယ်မှု့ကြောင့် ၂၀၀၅ ခုနှစ်မှာ ရပ်တန့်သွားခဲ့ပါတယ်။
၂၀၀၆ ခုနှစ်မှာတော့ ဥရောပနိုင်ငံတွေက 3D Project အိပ်ခ်ျအိုင်ဗွီ ၊ အေအိုင်ဒီအက်စ်၊ငှက်ဖျားနှင့် တီဘီရောဂါ ကုသကာကွယ်ရေးအတွက် ဒေါ်လာသန်းတရာ မတည်ပြီး ကူညီခဲ့ပါတယ်။ ဥရောပနိုင်ငံတွေရဲ့ ကူညီမှုဟာ ဘာစီးပွားရေး အကျိုးမြတ်ကိုမှ မျှော်လင့်ခြင်းမရှိခဲ့ပါ။ ဒါပေမယ့် ကိုရီးယား အစိုးရကနေပြီး မြန်မာနိုင်ငံကို နှစ်စဉ် ဒေါ်လာ ငါးသန်းခန့် မြန်မာလူမျိုးတွေရဲ့ ကျမ္မာရေးအတွက် ကူညီငွေဟာ စေတနာ သန့်သန့် မဟုတ်ခဲ့ပါဘူး။ ၎င်းငွေကြေးများကိုလည်း နအဖ အား တိုက်ရိုက်ပေးခြင်း သက်သက်ပါ။ မြန်မာပြည်မှာရှိတဲ့ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု့အတွက် ဒေါ်လာ ဘီလီယံနှင့်ချီပြီး ရရှိမယ့် သဘာဝဓါတ်ငွေ့ ထုတ်လုပ်မှု့ လုပ်ငန်းတွေအတွက် အကျိုးမျှော်ပြီး ကူညီခြင်းသက်သက်ပါ။ ပြီးတော့ မြန်မာပြည်မှာရှိတဲ့ ကိုရီးယားစက်ရုံတွေမှ အလကားရတဲ့ မြန်မာအလုပ်သမားတွေရဲ့ လုပ်အားခနှင့် ယှဉ်ကြည့်မယ်ဆိုရင် မပြောပလောက်ပါဘူး။ ငါးကြင်းဆီနှင့် ငါးကြင်းကြော်ခြင်း သို့မဟုတ် မြန်မာပြည်မှာ အလုပ်သမားအင်အားတွေကို အလကားယူ ဂုတ်သွေးစုပ်ပြီး အမြတ်အစွန်းထဲမှ အနည်းငယ်ကို နအဖ စစ်အုပ်စုအား မြန်မာပြည်သူတို့၏ ကျမ္မာရေးအထောက်ပံ့ဟုဆိုသော အယောင်ပြ ထောက်ပံ့ပေးခြင်းသာ ဖြစ်ပါသည်။
ဒါတင်မကသေးပါဘူး သူတို့အကျိုးစီးပွားအတွက် နိုင်ငံတကာ ဥပဒေကို ချိုးဖေါက်ကာ နအဖကို စစ်လက်နက် ပစ္စည်းတွေ တရားမဝင်ရောင်းချခြင်း မြန်မာနိုင်ငံ ပြည်မြို့အနီးမှာ စစ်လက်နက်ပစ္စည်းတွေ အမြောက်အမြား ထုတ်လုပ်တဲ့ စက်ရုံကြီးကို ၂၀၀၃ နှစ်ခန့်က တရားမဝင်တည်ဆောက်ပေးခဲ့ပြီး စက်ယန္တရား အလုံးပေါင်း ၁၃၀နှင့် နည်းပညာတွေကိုပါ ဒေဝူးအင်တာနေရှင်နယ် ကုမ္ပဏီက ရက်ရက်ရောရော ကူညီခဲ့ပါတယ်။
အဲ့ဒီတုန်းက ယခုကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ဂီမွန်းဟာ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေး ဌာန၏ ဝန်ကြီးတာဝန်ကို ထမ်းဆောင်နေတဲ့ အချိန်ဖြစ်ပါတယ်။ နိုင်ငံတကာ ဥပဒေနှင့် ဆန့်ကျင်ကာ တရားမဝင် စတင်တည်ဆောက်ကတည်းက စာရေးသူလည်း သတင်းရရှိ၍ ကိုရီးယား အစိုးရထောက်လှမ်းရေး ပုဂ္ဂိုလ်တွေ့နဲ့တွေ့စဉ် ပြောပြခဲ့ဘူးပါတယ်။ ကိုရီးယားဘာသာဖြင့်လည်း ဆောင်းပါးတွေ ရေးသားခဲ့ဘူးပါတယ်။ ဘာအကြောင်းမှ ထူးခြားမှု့မရှိခဲ့ပါ။ ဒါပေမယ့် စက်ရုံကြီး ပြီးစီးလောက်မှ ကိုရီးယား အစိုးရက တရားမဝင် လက်နက်မှောင်ခို ရောင်းချခြင်း၊ တရားမဝင် လက်နက်စက်ရုံ တည်ဆောက်ပေးသည့်အတွက် ဒေဝူးကုမ္ပဏီကို ၂၀၀၆ ခုနှစ်တွင် စတင်စစ်ဆေးပြီး တရားစွဲဆိုခဲ့ပါတယ်။ စာရေးသူလည်း တရားခွင်သို့ သွားရောက် ကြည့်ရှု့နားထောင်ခဲ့ဘူးပါတယ်။ တနှစ်လောက် အမှု့ကို စစ်ဆေးပြီး ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ စီရင်ချက် ချမှတ်ခဲ့ပါတယ်။
စာရေးသူဟာ စီရင်ချက် မချမှတ်မှီ နောက်ဆုံး စစ်ဆေးခဲ့သောနေ့က တရားခွင်သို့ သွားရောက်ခဲ့ပါတယ်။ တရားခံ ဒေဝူးအင်တာနေရှင်နယ် ဥက္ကဌဟောင်းဟာ မျက်ရည်စက်လက်ဖြင့် တရားသူကြီးထံ နောက်ဆုံး အယူခံယင်တုန်းက သူဟာ ကိုယ်ကြိုးအတွက် မဟုတ်ပဲ အမျိုးသား အကျိုးစီးပွားအတွက် လုပ်ရခြင်းဖြစ်ကြောင်း စသဖြင့် ပြောဆို၍ သူတို့အားလုံးကို အမှု့မှ လျော့ပေါ့စဉ်းစားပေးပါရန် လျောက်ထားခဲ့ပါတယ်။ တခြားသော တရားခံ အပေါင်းပါတွေလည်း ထိုနည်းလည်းကောင်း မခြားမနား အယူခံ တင်လျောက်ကြပါတယ်။ တရားသူကြီးလည်း စီရင်ချက်ကို နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ချမှန်ဖို့ ပြောင်းရွှေ့လိုက်ပါတယ်။
တကယ်လို့ တရားစီရင်ချက် ချမှတ်မယ်ဆိုရင် ထောင်ဒဏ် အနည်းဆုံး တနှစ်မှ ငါးနှစ်အတွင်း ချမှတ်နိုင်တယ်လို့ အစိုးရ ရှေ့နေများဘက်က ခန့်မှန်းခဲ့ကြပါတယ်။ နောက်ဆုံး တကယ်တန်း စီရင်ချက် ချမှတ်လိုက်သောအခါ ဒေဝူးအင်တာနေရှင်နယ် ဥက္ကဌဟောင်းကို ကိုရီးယားဝမ် သန်း(၅ဝ) (ဒေါ်လာ ငါးသောင်းကျော်ခန့်)၊ တခြားတရားခံများကို ဝမ် (၁ဝ)သန်းမှ (၅)သန်းအထိ ဒဏ်ငွေများ ချမှတ်လိုက်ကာ ပြီးစီးသွားခဲ့ပါတယ်။
စာရေးသူအနေနှင့် ကြိုတင်တွက်ဆထားသည့်အတိုင်း သိပ်ပြီးလွဲချော်သွားခြင်း မရှိပါ။ ဒဏ်ငွေဆိုတာဟာလည်း ဓနရှင် သူတို့အတွက် အဆင့်မြင့် အရက်ဝိုင်း တဝိုင်စာထက် ပိုလိမ့်မည် မဟုတ်ပါ။ ၂၀၀၇ နိုဝင်ဘာလ ၈ ရက်နေ့က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စလှယ် ဂန်ဘာရီဟာ မြန်မာနိုင်ငံက ပြန်လာပြီး စင်္ကာပူအရောက် ဒေါ်အောင်ဆန်းစုကြည်၏ ထုန်ပြန်ကြေငြာချက်ကို ကိုယ်စား ကြေငြာခဲ့ပါတယ်။ ကြေငြာချက် အစပိုင်းမှာ မြန်မာပြည် ဒီမိုကရေစီအရေးကို ထောက်ခံအားပေးနေသော ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားထားပါတယ်။ ဘယ်လောက်အထိ ဆက်လက်ကူညီအားပေး ထောက်ခံသွားမည်ကိုတော့ စောင့်ကြည့်ရပေအုံးမည်။
၎င်းတို့တွင် တင်ရှိနေသော အကြွေးများ ဘယ်လောက်အထိ ပြန်လည်ပေးဆပ်မည် ဆိုတာကိုတော့ မသိနိုင်သေးပါ။
ကိုရီးယားနိုင်ငံ၏ သမ္မတဟောင်း နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဂင်မ်ဒေးဂျုံဟာလည်း ၂၀၀၇ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့မှာ မြန်မာ့ဒီမိုကရေစီညလို့ အမည်ပေးထားတဲ့ အခမ်းနားတခုကို ကြီးကျယ်ခန်းနားစွာ ကျင်းပခဲ့ပါတယ်၊ အခမ်းနား မကျင်းပမှီကတည်းက ကျယ်ကျယ်ပြန့်ပြန့် ကျော်ငြာခဲ့ပါတယ်။ ကိုရီးယားနိုင်ငံအတွင်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယား ဌာနခွဲနှင့် အခြားသောအဖွဲ့စည်းများနှင့်ပါ ပူးပေါင်း ကျင်းပခဲ့ပါတယ်။ အခမ်းနား အပြီးမှာ အလှူငွေတချို့လည်း ပေးအပ်ခဲ့ပါတယ်။ ဒီအတွက်များ ကိုရီးယားအစိုးရက ကျေးဇူးရှင်အဖြစ် အမှတ်တွေယူနေပြီး တရားရုံး ဆုံးဖြတ်ချက်တွေဟာ ရယ်စရာ ဖြစ်နေလား သို့မဟုတ် မြန်မာ့တော်လှန်ရေး အင်အားစုတွေကို မထီမဲ့မြင် စိန်ခေါ်ခြင်းပေလော။
လွန်ခဲ့သောနှစ်က စာရေးသူကို လဝက အရာရှိတဦးက ကိုရီးယားနိုင်ငံအတွင်း ငွေလဲလုပ်ငန်း လုပ်ကိုင်နေကြသော မြန်မာတွေကို သိပါသလားလို့ မေးမြန်းခဲ့ဘူးပါတယ်။ စာရေးသူလည်း အားလုံးကိုသိပါတယ်လို့ ပြန်ဖြေတဲ့အခါ ဒါဆိုသိရင် ပြောပြရန် အစောတလျင် မေးမြန်းပါတော့တယ်။ စာရေးသူလည်း လုံးဝမပြောပြနိုင်ကြောင်း၊ ကိုရီးယားနိုင်ငံမှနေပြီး မြန်မာနိုင်ငံကို တရားဝင် ငွေလွှဲနိုင်သော ဘဏ်စနစ် မရှိကြောင်း၊ ထို့ကြောင့် မြန်မာနိုငံတွင်ရှိသော ကိုရီးယားလုပ်ငန်းရှင်များနှင့် ငွေဖလှယ်ကာ ငွေလွှဲလုပ်ငန်းကို လုပ်ကိုင်နေကြောင်း၊ ထို့ကြောင့် ကိုရီးယားနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားများ ငွေလွှဲရာတွင် အစဉ်ပြေပြီး မြန်မာပြည်အတွင်း ကိုရီးယားလုပ်ငန်းရှင်များ အတွက်လည်း အဆင်ပြေသောကြောင့် နှစ်ဦးနှစ်ဖက် အဆင်ပြေကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် သူတို့ကတော့ မည်သို့ပင် ဖြစ်စေကာမူ တရားမဝင်ဖြစ်သောကြောင့် ဖမ်းစီးအရေးယူသွားမည်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်တုန်းက မြန်မာငွေလွှဲ လုပ်ကိုင်သူတဦး အဖမ်းခံခဲ့ရပြီး သူ့ကို တရားမဝင် ငွေလွှဲလုပ်ကိုင်မှု့ဖြင့် အရေးယူကာ ဒဏ်ငွေ ကိုရီးယားဝမ် ခြောက်သန်းခွဲ ( ဒေါ်လာ ခြောက်သန်းခန့်) ပေးဆောင်စေခဲ့ပြီး မြန်မာပြည်သို့ ပြန်လည်နှင်ထုတ်ခဲ့ပါတယ်။ နအဖ လူသတ်စစ်အုပ်စုကို တရားမဝင် လက်နက်မှောင်ခိုရောင်းချ စစ်လက်နက် ပစ္စည်းမျိုးစုံ ထုတ်လုပ်ပေးတဲ့  စက်ရုံကြီး တည်ဆောက်ပေးခဲ့သည့် ဒေဝူးအင်တာနေရှင်နယ် ကုမ္ပဏီ တရားခံတွေကို ဒဏ်ငွေချမှတ်တဲ့နှုံးကို နှိုင်ယှဉ်ကြည့်မယ်ဆိုရင် ရယ်စရာ သို့မဟုတ် ဒေါသဖြစ်စရာပါ။
သတ်ဖြတ်မှု့အပေါင်း ရက်စက်မှု့ အပေါင်းကို သရဖူဆောင်းပြီး အကြမ်းဖက်အုပ်ချုပ်နေသော နအဖ စစ်အုပ်စုကို မိမိတို့ ကိုယ်ကျိုးစီးပွားအတွက် ပံ့ပိုးကူညီနေသော ပဂ္ဂိုလ်တွေ လုပ်ငန်းရှင်တွေ နိုင်ငံတွေကို မြန်မာတော်လှန်ရေး အင်အားစုများက လက်တုန့်မပြန်ကြပေမယ့် အာဖရိကတိုက်ရှိ နိုင်ဂျီးရီးယားနိုင်ငံက လက်နက်ကိုင်တော်လှန်ရေး အုပ်စုတစုဟာ သူတို့နိုင်ငံအတွင်း စီးပွားရှာနေကြသော ဒေဝူးအင်တာနေရှင်နယ် ဂါတ်(စ)ရှာဖွေရေးလုပ်ငန်း ဂါတ်(စ)ပိုက်လိုင်း တည်ဆောက်ရေးလုပ်ငန်းမှ ဝန်ထမ်းနှင့် အရာရှိများကို ၂၀၀၇ ခုနှစ် ဇန်နဝါရီလက တကြိမ် မေလကတကြိမ် နှစ်ကြိမ်တိတိ ပြန်ပေးဆွဲခဲ့ကြပါတယ်။ ပြီးတော့ ဒေဝူးကုမ္ပဏီနှင့် ငွေဖြင့်အပေးယူလုပ်ပြီး ပြန်လွှတ်ပေးခဲ့ကြပါတယ်။ ဒါတင်မကသေးပါဘူး အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန် လက်နက်ကိုင်အုပ်စုကလည်း ကိုရီးယားလူမျိုး အယောက် ၂၀ ကို ပြန်ပေးဆွဲခဲ့ပါသေးတယ်။ အဲ့ဒီထဲမှ နှစ်ဦး အသတ်ခံခဲ့ရပြီး ကျန်လူများကို ငွေဖြင့် အပေးယူလုပ်ကာ ပြန်လွှတ်ပေးခဲ့ပါတယ်။ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေကတော့ နှလုံးသား နူးညံ့ကြပေ၏လို့ ဆိုရမပေါ့။
သြော်… အကြွေး အကြွေး အကြွေး… စာရေးသူ အကြိုက်ဆုံး ရုပ်ရှင်သရုပ်ဆောင် ကျော်ဟိန်းနှင့် ကျော်သူတို့ သရုပ်ဆောင်ထားကြသော “အကြွေး” ဟူသော ဗွီဒီယို ဇာတ်ကားကို ပြန်လည်သတိရမိပါတယ်။ ပြီးတော့ ကိုရီးယားနိုင်ငံမှာ နေခဲ့သည့် အချိန်တွေကို ပြန်လည်စဉ်းစားမိတယ်။ နှလုံးသားနှင့် ပတ်သတ်သည့်အကြွေး၊ အလုပ်လစာနှင့် ပါတ်သက်သည့်အကြွေး၊ အမျိုးသားရေးနှင့် ပါတ်သတ်သည့်အကြွေး၊ အကြွေး အကြွေးတွေ အများကြီးပါပဲ။
ကျော်စွာလင်း (ရိုးမ)
၀၅.၀၃.၂၀၀၈
မြန်မာ ကိုရီးယား အပိုင်းအစတချို့ တို့ အကြောင်း ( ၁ )
ဒီဆောင်းပါးကို ၂၀၀၇ တုန်းက  Burma today မှာရေးထားတာပါ ။ အခုတော့ ရေးပြီး မအားလို့ မတင်ဖြစ်တာတွေ အကုန်စုပြီး ကိုရီးယား အကြောင်းတွေကို အပိုင်းလိုက် အပါတ်စဉ်တင်တော့မယ်
မြန်မာ ကိုရီးယား အပိုင်းအစတချို့ တို့ အကြောင်း ( ၁ )
ပြီးခဲ့သော အပတ်က ကိုရီးယားရောက် နှိစ်ချို့  သူငယ်ချင်း နှစ်ယောက် အိမ်ကိုလာကြတယ်။ မတွေ့ တာ ကြာလို့  သတိရလို့ လာတာဆိုပြီး ပြုစုပါရစေ ဆိုတာနဲ့ သူတို့နဲ့အတူ စားသောက်ဆိုင်ကို ထွက်ခဲ့တယ်။ ရှေးကြောင်းနောက်ဖြစ် အကြောင်းတွေ ပြောကြ ရယ်ကြနဲ့ စားလိုက်သောက်လိုက်နဲ့ပေါ့။ ပြီးတော့ သူတို့ကြောင်းလေးတွေကို ပြောကြတယ်။ နှစ်ယောက်စလုံး ကိုရီးယားနိုင်ငံသူတွေ ယူထားကြပြီး အဆင်ပြေနေကြတာတွေကို ပြောကြတာပေါ့။ကိုယ်ကတော့မပြောလို၊ ချစ်ခဲ့ဖူးသော ကိုရီးယားမလေးနဲ့  အသည်းကွဲ ဇာတ်လမ်းလေးတွေကို ဘယ်တော့မှ ပြန်မပြောလို၊ အမြဲတမ်းမေ့နေလေ ပိုကောင်းလေ၊ တခါခါ သူဖုန်းဆက်လာရင်တောင် မဆက်ပါနဲ့ တောင်းပန်ရပါတယ်။ အသဲကွဲခဲ့ခြင်းကို ကံ ကိုဘဲ ပုံချလိုက်တာ စိတ်သက်သာမှုအတွက် ထွက်ပေါက်ပေါ့။ တခါတလေ ကြုံရတဲ့ ကိုရီးယားသူ အသစ်လေးတွေနဲ့  ခပ်ကင်းကင်းနေနိုင်အောင် နေတယ်။ တခါတလေ သူတို့ က အခွင့်ရေးတွေပေးပြီး နီးစပ်မှုရအောင်ကြိုးစားတဲ့အခါ ရူးချင်အောင်ဆောင်လိုက်ရင်းနဲ့ ပေါ့၊ ဒါကတော့ ကိုယ့်ရဲ့  တစိတ်တပိုင်းပါ။
ကိုရီးယားသူနဲ့  အိမ်ထောင်ကျပြီး ပျော်နေကြတဲ့ သူငယ်ချင်း နှစ်ယောက် ကိုလည်း အားမကျပေမယ့်၊ သူတို့ ရဲ့  ပျော်ရွှင်မှု လေးတွေအတွက် တိတ်တဆိတ် ဆုတောင်းပေးနေမိတယ်။ ပြီးတော့ သူတို့ နှစ်ယောက် မြန်မာပြည်က ပြန်လာတဲ့အကြောင်းတွေကို ဘီလူးရှောက်သီးစားထားတဲ့ မျက်နှာတွေနဲ့  ပြောကြ၊ မြန်မာပြည်အရမ်းပူတဲ့ အကြောင်း၊ တိုင်းပြည် စုတ်ပြတ်ပြီး လုပ်စား ကိုင်စား မရတဲ့အကြောင်း၊ ပြည်သူတွေ ငတ်ပြတ်နေတဲ့အကြောင်း နေထိုင်ချင်သူ မရှိဘူး ဆိုတဲ့အကြောင်း တွေပြောဆိုပြီး၊ ကိုရီးယားမှာ ခေါင်းချတော့မယ့် ပုံစံမျိုး ပြောဆိုနေကြတာ ရသစုံသလောက် နီးပါးပဲ။
စုတ်ပြတ်နေတဲ့ အမိ တိုင်းပြည်ကြီးကို ကျောခိုင်းပြီး ကိုယ့်တိုင်းပြည် လွတ်လပ်မှုအတွက် စိတ်မ၀င်စားကြဘဲ၊ ကိုရီးယားတွေနိုင်ငံသားတွေကိုမှီရာ လှမ်းဆွဲပြီး မက်မောနေကြပြီး စိတ်မကောင်း ဖြစ်ရလောက်အောင်စိတ်ဓာတ်တွေ လောင်းရိပ်မိနေကြတယ်လေ။
ဒုက္ခတွေကို လည်စင်းခံနေရတဲ့ ရိုးသားတဲ့ တိုင်းရင်းသား ပြည်သူတွေကို လက်ညိုးထိုး၊ ထောင်ထဲက အကျဉ်းသား အာဇာနည်တွေကို ဗန်းပြ၊ ဒေါ်စုကို ရောင်းစားရင်း နည်းမျိုးစုံနဲ့  ဒုက္ခသည် အဖြစ် လျှောက်၊ အဆင်ပြေပြီး ပိုက်ဆံတွေစု၊ အိမ်တွေ ခြံတွေနဲ့  တစတစ တိုးပွားနေကြ၊ ပြီးတော့ မြန်မာပြည် လွတ်မြောက်ရေးက သူတို့ နဲ့  မဆိုင်သလို၊ ရေသာခို အချောင်လိုက်နေကြသူတွေလည်း ဂျပန် ကိုရီးယားနဲ့  အနောက်တလွားမှာ ဒူးနဲ့ ဒေး၊ တိုးတက်တဲ့ နိုင်ငံကြီးတွေကို ရောက်နေကြပြီး၊ အမျိုးမေ့ သွေးကြီးနေကြတဲ့၊ စိတ်ဓာတ် လောက်ကိုက်ခံနေရသူတွေလည်း မနည်းလှပါ။
ဗမာလူမျိုးကြီးဆိုတဲ့ စကားကို လက်စွဲပြီး ဟိုတစု ဒီတစုနဲ့  ဖြစ်နေကြပြီး ဗမာ လူမျိုးများနဲ့  မဆက်ဆံဘဲ နေကြသလို ပြန့် ကြဲနေတဲ့ တိုင်းရင်းသားအုပ်စုကလေးတွေလည်း ကမ္ဘာအနှံ့  နေရာတိုင်းဝယ် အများမပြား ရှိနေကြပါတယ်။ တကယ်ဆို ဗမာဆိုတာလည်း တိုင်းရင်းသားဆိုတာ အားလုံးအသိ၊ တခြားတိုင်းရင်းသားတွေ အာဏာရှင်လက်အောက်မှာ နည်းမျိုးစုံ ညှင်းပမ်း နှိပ်စက်ခံနေရသလို ဗမာတိုင်းရင်းသားတွေလည်း ခံစားနေကြပါတယ်။ တိုင်းရင်းသားအားလုံး တန်းတူ ညီမျှရေးအတွက် အသက်ပေးသွားကြတဲ့ ဗမာတော်လှန်ရေး ရဲဘော်အပေါင်းလည်း ထိုစကားကို ကြားမိလျှင် သင်းချိုင်းကုန်းမှာ အရိုးတွေ တယောထိုးပြီး ငိုနေလောက်ပါရဲ့ ၊ အများစု ခံရတဲ့ ဗမာမဟုတ်သော တခြား တိုင်းရင်းသား အားလုံးကို အထူး ကိုယ်ချင်းစာနာပြီး တိုင်းရင်းသား တော်လှန်ရေးသမားအားလုံးကို အထူးဦးညွတ်ပါတယ်။
တခါတလေ ရုပ်မြင်သံကြားမှာ ပြသတဲ့ အာဖရိက အတွင်း တောရိုင်းတိရိစ္ဆာန် အကြောင်း အရမ်းသဘောကျလွန်းလို့  အမြဲတမ်းလိုလို ကြည့်မိပါတယ်။ မျောက်တွေအကြောင်း၊ သမင်တွေအကြောင်း၊ ကျွဲရိုင်းတို့အကြောင်း၊ မြင်းရိုင်းတို့အကြောင်း၊ သဘာဝ အလှတရားတွေကို ကြည့် နေရင်း ရက်စက်ကြမ်းကြုတ်စွာ ဖမ်းဆီးစားသောက်တတ်တဲ့ တောခွေး နဲ့  ခြသေ့င်္တို့ ကို မြင်ရတဲ့အခါတိုင်း စိတ်မကောင်းစွာ မြန်မာလူမျိုး တို့ ရဲ့  ဘ၀ကို မြင်မိတယ်။ ခြသေ့င်္ဟာ ကျွဲရိုင်းအုပ်စုထဲက တကောင်ကိုက်ဖမ်းတဲ့အခါတိုင်း တခြားကျွဲရိုင်းတွေက ထွက်ပြေးရင်း နောက်ကြောင်းပြန်လှည့်ပြီး ၀ိုင်းကူပြီး ခြသေ့င်္ကို ဝှေ့ ကြတယ်။ကျွဲရိုင်း အများစုကတော့ ပြေးနေဆဲ၊ ၀ိုင်းကူတဲ့ ကျွဲရိုင်းက နှစ်ကောင် သုံးကောင်ကလည်း ခြသေ့င်္အုပ်စုကို မယှဉ်သာလို့ လက်လျှော့ပြီး တခြား ကျွဲရိုင်းတွေ လိုဘဲ လွတ်ရာကို ပြေးကြရတော့တာပါပဲ။
ခြသေ့င်္က ကျွဲရိုင်းအုပ်စု နောက်နေပြီး လောဘတကြီး ဒေါသမီးတွေနဲ့ ပြေးလိုက်ကြတဲ့အခါ၊ သတ္တိရှိတဲ့ ကျွဲရိုင်းတကောင် နှစ်ကောင်ကတော့ ပြန်လည် ရင်ဆိုင် တိုက်ခိုက်ဖို့  ရှိကြတယ်။ ဒါပေမဲ့ သူ့ နောက်မှာ တကောင်မှ မရှိတာ၊ သူ့ကိုထားပြီး ကျန်တဲ့ကျွဲရိုင်းတွေက ပြေးကြတော့ နောက်ဆုံးကျဆုံးသွားရပါတယ်။ ကျွဲရိုင်းတို့ ညီညီညာညာနဲ့  ၀ိုင်းဝှေ့ ကြမယ်ဆိုရင် ခြသေ့င်္တွေ အသေကြေ ထွက်ပြေးလောက်ပါတယ်။ ဒါပေမဲ့ တိရိစ္ဆာန်ဆိုတော့ အသိစိတ်ဓာတ်မရှိတော့ ကျဆုံးခြင်းဆိုတာနဲ့  ပဲ ရင်ဆိုင်ကြရတာပေါ့။
မြန်မာလူမျိုးတို့  အတွေးအခေါ်ဟာ ကျွဲရိုင်းတို့ ထက် သာ လိမ့်ထင်မိပါတယ်။ တောခွေးတို့ ဟာလည်း အမဲလိုက်ရင်း သားကောင်တွေကို ဖမ်းပြီးစားကြ၊ ပြီးတော့ သူတို့  မိသားစုများရှိရာကို ပြန်လာပြီး သူတို့ ရဲ့  မိန်းမတွေ သားသမီး တူတွေ တူမတွေကို ပြန်ပြီး အန်ကြွေးကြတယ်။ အတုယူဖို့  အလွန်ကောင်းပေစွ။ မြန်မာလူမျိုးတို့ တွေလည်း တောခွေးတို့ လို  မိသားစုစိတ်ဓာတ် နှလုံးသားကို အတုယူ ပိုင်ဆိုင်ကြပြီး အဘ ဆလိုင်းထွန်းသန်း ပြောကြားသလို ဗန္ဒုလလောက်တောင် သတ္တိမရှိရင်တာတောင် ဗန္ဒုလ စီးတဲ့မြင်းလောက် သတ္တိရှိကြရင် တိုင်းရင်းသား ပြည်သူ အပေါင်း အာဏာရှင် လက်အောက်မှ မုချ လွတ်မြောက်နိုင်ပါတယ်။ ကိုရီးယားနိုင်ငံအကြောင်း စကားပြောရင်း လမ်းကြုံရင်း ကြားဖြတ်၍ ၀င်ပြောခြင်းမျှသာ ဖြစ်ပါတယ်။ ကိုရီးယား အကြောင်း ဆက်ပြီးပြော ပါရစေ။
အချို့ သော မြန်မာအလုပ်သမားတွေဟာ နီးစပ်ရာ အလုပ်ထဲက ကိုရီးယားသူတွေနဲ့  အဆင်ပြေနေကြသလို တချို့ ကြတော့လည်း လစာ ပုံအောပြီး အရက်ဆိုင်တွေ ဘားတွေ နိုက်ကလပ်တွေ ကိုရီးယားသူတွေကို ရော်နေကြတာ လူမျိုးစုံပါပဲ။ ကိုရီးယားသူတွေက မိတ်ကပ်တွေ ချယ်သထားတာ လှတာကိုး။ မိကောင်း ဖကောင်း ကိုရီးယားအမျိုးသမီးတွေနဲ့  နီးစပ်ပြီး အိမ်ထောင်ပြုဖို့ ဆိုတာ ရှားပါတယ်။ အချိန်နဲ့  ခွန်အား ချွေးစက်တို့ ရဲ့  တန်ဘိုးကို ညဈေးတန်း မှန်လုံခန်းထဲက သူယောင်မယ်လေးတွေနဲ့  ပေးဆပ်နေကြတာလည်းမနည်း၊ ကိုယ့်နိုင်ငံက ရုပ်ရှင်မင်းသမီးတွေထက် ပိုလှတယ်ဆိုပြီး ပုံအောနေကြသူတွေပေါ့။
ဆင်းရဲတဲ့ အာရှနိုင်ငံသားတွေဟာ မိမိတတ်ထားတဲ့ ပညာတွေကို ဘေးဖယ်ထားပြီး ခက်ခဲတဲ့အလုပ်၊ ညစ်ပတ်တဲ့အလုပ်၊အန္တရာယ်ရှိတဲ့အလုပ်တွေကိုသာ အများစု လုပ်ကိုင်ရတာမို့  အထင်သေးတဲ့ အကြည့်နဲ့ အကြည့်ခံရပြီး မိကောင်း ဖကောင်း ကိုရီးယားအမျိုးသမီးများကို လက်လှမ်းမမှီတာကလည်း သဘာဝ တရားလို့ ဘဲ ပုံချရမလား မသိ၊ ကိုယ့်နိုင်ငံမှာ အမျိုးသမီးကောင်းတွေ အများကြီး ရှိသမို့  လမ်း မလွဲစေချင်ပါ။
မြန်မာပြည်က လူငယ်တချို့နဲ့ အင်တနက်ထဲမှာ စကားပြောမိတုန်းကလည်း ကိုရီးယားရုပ်ရှင်မင်းသမီးများ၏ အမည်များကို သိလားလို့ မေးကြ၊ ကိုရီးယားရုပ်ရှင်မင်းသမီးတွေ တအားလှလို့ကိုရီးယားလာပြီး အလုပ် လုပ်ချင်ကြတယ်ပြော၊ မြန်မာပြည် အကြပ်အတည်းကြောင်း ကိုရီးယားမှာ အလုပ်လာလုပ်ချင် မှန်ပေမယ့် အလှအပတွေကြောင့် လာချင်တယ်ဆိုရင်တော့ ကိုရီးယားသားတွေ မသုံးတဲ့ ကိုရီးယားသူတွေနဲ့  နီးစပ်နိုင်ပါရဲ့  လို့ ပြောပြချင်ပါရဲ့ ။
နောက်တခုက အသက်၂၀ ကျော် ရုပ်ရည် သန့် သန့်  ခပ်ချောချော မြန်မာလူငယ်တယောက်နဲ့  တွေ့ ခဲ့တုန်းက သူက မသာမယာ မျက်နှာနဲ့ ပြောတယ်။ ` အကိုရယ်၊ စက်ရုံက ဆင်ခန္ဒာ ၀က်ကိုယ်လုံးနဲ့  စာရေးမက ဗျာ၊ ကျနော့်ကို ကြည့်နေတဲ့ မျက်နှာက ပြောကို မပြောချင်တော့ဘူ´။ `ညီလေးရယ်၊ ၀တဲ့သူလည်း အသဲနဲ့ ပါလို့ ´ ခပ်ဖြဲဖြဲနဲ့  ပြောလိုက်တော့ သူက `မဟုတ်ပါဘူး အကိုရာ ကျနော့ကို ကြည့်တဲ့အကြည့်က ကျွန်အဆိုတဲ့ အကြည့်နဲ့  ကြည့်တာ ကို ပြောတာဗျ။ ´ `သြော်၊ ဟုတ်လား။´ လို့  စာရေးသူ ပြန်ပြောရင်း စိုင်းထီးဆိုင်ရဲ့  သီချင်းတပိုဒ်ထဲက အထင်သေးတဲ့ အကြည့်နဲ့ ...ကြည့်တဲ့သူကို...ဆင်ခြေတွေ ပေးလို့ အပိုပဲ.. ဒါပေမဲ့...စကား တခွန်းတော့ပြောမယ်... ကိုယ်တယောက်ထဲကြောင့်တော့ မဟုတ်ဘူး.....လို့ ဆိုပြလိုက်ရင်း ညီလေးရေ ကိုယ်တယောက် ထဲကြောင့်လည်းမဟုတ်၊ ညီလေး တယောက်ထဲကြောင့်လည်း မဟုတ် တို့ တတွေအားလုံး ညံ့နေသေးကြလို့ ဘဲ၊ လို့ ပြန်ဖြေပေးမိလိုက်တယ်။
မြန်မာအမျိုးသမီးတွေဆိုရင် ကိုရီးယားအဆိုတော်တွေနဲ့ ရုပ်ရှင်မင်းသားတွေကို အရူးအမူး ဖြစ်နေကြရဲ့၊ ကိုရီးယားနိုင်ငံမှာဆိုလျှင် ကိုရီးယားသူတွေနဲ့ လက်မထပ်နိုင်ကြတဲ့ ကိုရီးယားသားတွေကို (အိုနာကျိုးကန်း ၊ အဖြစ်မရှိသူ) တခြားနိုင်ငံက မိန်းကလေးတွေနဲ့  ပေးစားတဲ့ တရားဝင် မိန်းမကုန်ကူးတဲ့ လုပ်ငန်းအများကြီးပါ။ ဗီယက်နမ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ မွန်ဂို၊ တရုတ်၊ ရုရှား၊ အင်ဒိုနီးရှားနိုင်ငံက မိန်းကလေးပေါ့။ ကံဆိုးလှတဲ့ မိန်းကလေးတွေလည်း ဒု နဲ့  ဒေး၊ နှိပ်စက်ခံနေရတဲ့မိန်းကလေးတွေလည်း ဒု နဲ့  ဒေး၊ လူမဆန်စွာ ဆက်ဆံခံနေရတဲ့ မိန်းကလေးတွေ အများအပြား၊ ဆင်းရဲ့ မှု အဆင်မပြေမှု တွေရဲ့ ထွက်ပေါက်လို့  ယူဆပြီး မှန်းချက်နဲ့  နှမ်းထွက် မကိုက်သူတွေပေါ့။ တချို့ဆို စိတ်မမှန်တဲ့ ကိုရီးယားသားနဲ့ အိမ်ထောင်ကျပြီး ရက်ပိုင်းအတွင်းမှာ လူမဆန်စွာ ရိုက်သက်ခံလိုက်ရတာလဲ ရှိခဲ့ဘူးတယ် ၊ အိမ်ထောင်ကျပြီး အတော်ကြာမှ နှိပ်စက်ပြီး အသတ်ခံရသူတွေလည်း ရှိတယ်။
စာရေးသူကို ကိုရီးယားအမျိုးသမီးတဦးက လာဆက်သွယ်ပြီးတော့ စားသောက်ဆိုင်မှာ စကားပြောကြတယ်။ စာရေးသူလည်း ဆွေးနွေးမယ့်အကြောင်းက တခြား အစိုးရမဟုတ်သော အဖွဲတွေလိုဘဲ မြန်မာပြည် နိုင်ငံရေးနဲ့  ပတ်သက်ပြီး သိစရာ၊ မေးစရာ ဆွေးနွေးစရာရှိလို့ ဘဲလို့  ထင်မိတယ်။ ဒါပေမဲ့ ထင်သလို မဟုတ်၊ မြန်မာပြည်က မိန်းကလေးတွေကို ကိုရီးယားကို ခေါ်ပြီး မိအိမ်ထောင်ချပေးဖို့ အစီအစဉ်၊ တနည်းအားဖြင့် တရားဝင် လူကုန်ကူးခြင်းပေါ့။ဒီအလုပ်ကို နိုင်ငံခြားသူနဲ့  လက်ထပ်ပေးရေးကုမ္ပဏလို့ ခေါ်ကြပါတယ်။ စာရေးသူလည်း ထွက်နေတဲ့ ဒေါသကို မျိုချပြီးတော့ ကိုရီးယားရောက် အိမ်ထောင်မရှိတဲ့ မြန်မာအမျိုးသားတွေကို မင်းတို့ ကိုရီးယားသူတွေနဲ့  အရင်ပေးစားတဲ့ အစီအစဉ် အရင်လုပ်ပေးပါလို့  ပြောပြီး ဒေါသကို ဖြေသိပ်ပြီး ပြန်လာခဲတယ်။
သို့သော်လည်း သူတို့ နည်း သူတို့ ဟန်နဲ့  မြန်မာမိန်းကလေးတွေကို ယူခဲ့ကြသော ကိုရီးယားသားတွေလည်း မနည်းလှပါ။ ကိုရီးယားရောက်ပြီးမှ ကွဲသွားကြတဲ့ မြန်မာမိန်းကလေးတွေ၊ လူမသိ သူမသိ ဇာတ်လမ်းတွေ သိမ်းပြီးပြန်သွားကြတဲ့ မြန်မာမိန်းကလေးတွေ လည်း အတော်များများ ရှိကြတယ်။ မြန်မာပြည်မှာ ကိုရီးယား လုပ်ငန်းရှင်တယောက်နဲ့  အိမ်ထောင်ကျခဲ့တဲ့ ကိုရီးယား ကုမ္ပဏက ရုံးစားရေးမ ပညာတတ် မြန်မာအမျိုးသမီးတယောက်ဆိုရင် ကလေးတယောက်နဲ့  ဘန်ကောက်မှာ ဒုတိယအိမ်ထောင်အဖြစ်နေ နေရတုန်း သူထက် အသက် ၁၅နှစ်ကျော် ကြီးတဲ့ ကိုရီးယားသား လုပ်ငန်းရှင်ကို အထင်ကြီးပြီး ယုံခဲ့မိလို့ ကိုရီးယားနိုင်ငံကိုလည်း မလိုက်ရ၊ ဘန်ကောက်မှာ နေစရိတ် စားစရိတ် ထောက်ပံ့ကြေးလေးယူပြီး မယားငယ် ဘ၀အဖြစ်နဲ့ နေ နေရတဲ့ မြန်မာပြည် မိန်းကလေးတယောက်ရဲ့ ဘ၀၊ သူအထင်ကြီးခဲ့ ကိုရီးယားသားက ကိုးရီးယားမှာ မယားကြီးနဲ့  ကလေးတွေ ရှိသမို့  ကိုရီးယားကို မခေါ်ရဲ ။ ကိုရီးယား မြန်မာ ကပြား ကလေးနဲ့  သူ့ မိခင် ပညာတတ် မြန်မာ မိန်းကလေး ဘန်ကောက်မှာ မယားငယ်အဖြစ်နဲ့  ဘယ်အချိန်အထိ နေရမယ်မသိ။ သြော် - ရင်နာမိရဲ့  ။
ကိုရီးယားသားက နှိပ်စက်ပြီး ကလေးနဲ့  ပစ်သွားခဲ့လို့ မြန်မာအမျိုးသမီးတွေမှာခမျာ ဒုက္ခအတိနဲ့  ရင်ဆိုင်ရပြီး ကလေးပါ တပါတည်း လူမသိ သူမသိဘ၀နဲ့ ပြည်တော်ပြန်သွားရသူတွေလည်း တကယ်ရှိနေရဲ့ ။ ကိုရီးယား အင်တနက် စာမျက်နှာ တခုမှာ ကိုရီးယားစာနဲ့  ရေးထားသော မြန်မာ မိန်းကလေးတဦးရဲ့  လွမ်းသူစာကို သူရဲ့  အဖြူအမည်း လိုင်စင် ဓါတ်ပုံလေးနဲ့အတူ သူရဲ့စာကို မြန်မာပြည်ရောက် ကိုရီးယား တယောက်နဲ့ လူကြုံပါးလိုက်တဲ့စာလေးပေါ့။ အဲဒီကိုရီးယားသားက ဓါတ်ပုံနဲ့  စာကို စကင်ဆွဲပြီး အင်တာနက်စာမျက်နှာမှာ တင်ထားလိုက်တယ်၊ မြန်မာမိန်းကလေးနဲ့ ကိုရီးယားလို မတောက်တခေါက်ရေးထားတဲ့စာက ကိုရီးယားသားကို လွမ်းတဲ့အကြောင်း၊ပြန်လာပါ မျှော်လင့်ရင်း စိတ်ကူးယဉ်တချို့ ။ ကိုရီးယားသားက ဘာတွေ လုပ်သွားခဲ့သလဲတော့ မသိပါ။ တခြား ကိုရီးယား အင်တနက် သတင်းစာမျက်နှာပေါ် မှာတော့ အသက် ၂၀ နှင့် ၂၅ နှစ် ပတ်ဝန်းကျင်အကြား မြန်မာ မိန်းကလေးကို အသက် ၅၀ ၀န်းကျင် ကိုရီးယားသားက အားပါးတရ ဖက်နမ်းနေပုံနှင့် အတူ ရေးထားတဲ့ စာကိုဖတ်ရပါတယ်။ မြန်မာ မိန်းကလေးနဲ့  လက်ထပ်ပြီး ပျော်ရွှင်နေတဲ့ အကြောင်းပေါ့။
ကိုရီးယားကို ရောက်လာတဲ့ မြန်မာ အနုပညာသည် အမျိုးသမီးတဦးလည်း လမ်းဘေးက ကိုရီးယား မင်းသားဓါတ်ပုံကို ဖက်၍ဓါတ်ပုံရိုက်ပြီး မြန်မာပြည်ပြန်ရင် သတင်းသမားတွေကို ပေးဖို့ တဲ့၊ ရယ်ချင်လိုက်တဲ့ အကြောင်းတွေ။ ဒီလိုပါဘဲ ကိုရီးယား ရုပ်ရှင်မင်းသားတွေနဲ့  အငမ်းမရ ဓါတ်ပုံ တွဲရိုက်ကြတဲ့ မြန်မာ မိန်းကလေးတွေကို မြင်တွေမိတိုင်း စာရေးသူဟာ ဒဏ်ရာ ဟောင်းနဲ့  မြင်တွေ့ ခံစားနေရတာတွေ ရှိနေလို့  မသိ၊ ခပ်ယဲ့ယဲ့လေး ပြုံးမိတယ်။အနှိမ်ခံ အချိုးခံ ကိုယ်ထိလက်ရောက် အစော်ကားခံနေရတဲ့ မြန်မာ အလုပ်သမားတွေကို စာရေးသူလည်း တတ်နိုင်သ၍ ကူညီနေဆဲပါ။ စိတ်မကောင်းစရာတွေ အများကြီး ရှိခဲ့သမို့  ကိုရီးယားတွေကို ဒေါသထွက်တဲ့ အခါတိုင်း ကိုယ့်အိမ်ထဲမှာ တယောက်ထဲ ဆဲဆို အော်ဟစ်မိတာလည်း ရှိတာပေါ့။
ကိုရီးယား စီးပွားရေး ကြော်ငြာဗျူဟာတွေထဲက တခုပြောရရင် သူတို့ရဲ့အနုပညာ၊ ဂီတ၊ရုပ်ရှင်တွေကို ပြည်ပနိုင်ငံတွေ ဖြန့်ပြီး ပေါက်မြောက်အောင် လုပ်တယ်၊ အထူးသဖြင့် သူတို့ရုပ်ရှင်တွေဟာ အာရှနိုင်ငံတွေ အတော်များများမှာ လူကြိုက်များကြတယ်။ အနုပညာ ဖြန့် ဖြူးမှုတွေရဲ့  နောက်မှာ ကိုရီးယား ကုမ္မဏီကြီးတွေက ထောက်ပံ့ကြတယ်။ အဲဒီ အနုပညာ ဆွဲဆောင်မူနဲ့ သူတို့ စီးပွားရေး ကြော်ငြာအဖြစ် သုံးကြတဲ့ သဘောပါပဲ။ ကိုရီးယား ရုပ်ရှင်တွေကို ကြည့်ပြီး ရူးသွပ်နေကြတဲ့ သူတွေလည်းမနည်းကြပါဘူး။
စစ်အာဏာရှင်လက်အောက်က လွတ်မြောက်လာပြီး ဒီမိုကရေစီ လူ့အခွင့်ရေးနဲ့ စီးပွားရေးပါ တိုးတက်နေသော ကိုရီးယားနိုင်ငံရဲ့  မြန်မာပြည်ပေါ်မှာ ထားရှိတဲ့ သဘောထား ကတော့ နှစ်လိုဖွယ်ကတော့ ဘာမှ မရှိ။  ဒေါ်စု မေ ၁၈ ဂွာန်ဂျူ လူ့ အခွင့်အရေး ဆု မချီးမြှင့်ခင် ရွေးချယ်ရေးဘုတ်အဖွဲ့  ကို ကိုရီးယား အစိုးရပိုင်းက ဒေါ်စုအား မရွေးချယ်ဖို့  ဖိအားပေးခဲ့ ပါသေးတယ်။ သူတို့ ရဲ့  ကိုယ်ကျိုး စီးပွားရေးအရ နအဖနဲ့  မိတ်မပျက်ချင်တဲ့ သဘောပေါ့။
မှတ်မှတ်ရရ ကျေးဇူးတင်စရာဆိုလို့  ၂၀၀၆ ခုနှစ်၊ ဒေါ်စု မွေးနေ့ တုံးက ကိုရီးယား လွတ်တော်အမတ် ၇၆ ယောက် စုပေါင်းလက်မှတ် ထိုးပြီး လွှတ်တော်အတွင်းမှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်၍ ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသား အားလုံးပြန်လွတ်ပေးရေးနှင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မြန်မာအရေး အမြန်ဆုံး အရေးယူ ဆောင် ရွက်ပေးဖို့  တောင်းဆိုပေးခဲ့ဘူးပါတယ်။ စာရေးသူကိုယ်တိုင် ဦးဆောင်ပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ၂၀၀၇၊ ၂၀၀၈၊၂၀၀၉ ခုနှစ်အထိပေါ့ နှစ်စဉ် လွှတ်တော်အမတ်တွေ (၁၀၀) နီးပါး စုပေါင်းလက်မှတ်ရေးပြီး မြန်မာ့အရေး လှုပ်ရှားပေးကြပါတယ်။ ထို့အပြင် နိုင်ငံတကာ လွှတ်တော် အမတ်များနှင့် ပူးပေါင်းကာ စုပေါင်းလက်မှတ်ရေးထိုး တောင်းဆိုခြင်း၊ နိုင်ငံတကာ သမ္မတဟောင်းများ ဝန်ကြီးချုပ်ဟောင်းများ စုပေါင်းလက်မှတ် ရေးထိုးတောင်းဆိုခြင်း၊ နိုင်ငံခြား သံအမတ်များ ကို ဖိတ်ခေါ်၍ ကိုရီးယား လွှတ်တော်အတွင်းမှာ ကိုရီးယား လွှတ်တော်အမတ်များနှင့် ပူးပေါင်းကာ လက်မှတ်ရေးထိုး သတင်းစာ ရှင်းလင်းပွဲများ ပြုလုပ်ခြင်းတို့တော့ ရှိခဲ့ပါတယ်။ ဒါကတော့ စာရေးသူက ဒေါ်စုနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး အတွက် ကိုရီးယား လွှတ်တော်အတွင်း ဆောင်ရွက်ခဲ့ခြင်း တချို့ပါ။ ၂၀၀၇ ဒီဇင်ဘာလမှာတော့ ခုနှစ်မှာတော့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် သမ္မတကြီး ဂင်(မ)ဒေးဂျုံ က ဆိုးလ်မြို့ (၆၃) ထပ်အဆောက်ဦးမှာ မြန်မာ့ဒီမိုကရေစီည ခေါင်းစဉ်နဲ့ မြန်မာ့ဒီမိုကရေစီ အရေးနှင့် ဒေါ်စုကို ဂုဏ်ပြုသော အခန်းနားကို ပြုလုပ်ပေးခဲ့ပါတယ်။  မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများ တိုင်းရင်းသား အဖွဲ့စည်းများ အလုပ်သမားများကို ဖိတ်ခေါ်ခဲ့ပါတယ်။ 
တိုင်းရင်းသားဒေသတွေမှာ နအဖ စစ်တပ်ရဲ့  လူမဆန်တဲ့ ထိုးစစ်တွေကြောင့် တိုင်းရင်းသားတွေရဲ့  ကျေးရွာတွေ ဗုံးကြဲခံရ၊ မီးရှိုခံရ၊ အဖျက်ဆီးခံရ၊ စစ်တိုက်ရင်း မုဒိန်းကျင့်၊ မုဒိန်းကျင့်ရင်း စစ်တိုက်နေကြတဲ့ နအဖစစ်သားတွေရဲ့  စစ်ဖိနပ်အောက်မှာ ဘ၀ပျက်ရတဲ့ တိုင်းရင်းသားတွေ ထောင်ပေါင်းများစွာ တောတောင်တွေကြား ငရဲ ပြည်ပမာ ပြေးလွှားပုန်းအောင်းနေသူလည်း သောင်းပေါင်းများစွာ ရင်နာစရာပင်။ ရွာတွေကို ဖျက်ဆီး ပစ်ခတ်နေတဲ့ လက်နက်ကြီးတွေဟာ ကိုရီးယားက ဖန်တီးပေးတဲ့ လက်နက်တွေ အမြောက်အများ ပါဝင်နေပါတယ်။ တိုင်းရင်းသား ပြည်သူတွေ အတိဒုက္ခ အဆုံးမရှိ ရင်ဆိုင်ကြရအုံးမှာပေါ့။
ကိုရီးယားဟာ ဒေါ်လာ သန်းပေါင်းများစွာ ရရှိဖို့အတွက် နအဖကို စစ်လက်နက် ပစ္စည်းတွေ တရားမ၀င်ရောင်းချခဲ့ပါတယ်။ တရုတ်လို ကွန်မြူနစ် တွေကတောင် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ပေးတဲ့ စက်ရုံ နအဖကို မတည်ဆောက် ပေးသေးပါ။ ကိုရီးယားလို ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရှိတဲ့ နိုင်ငံက နအဖ စစ်အာဏာရှင်ကို စစ်လက်နက်ကြီးထုတ်လုပ်သော စက်ရုံများ တည်ဆောက်ပေးပြီး နည်းပညာနဲ့  စက်ယန္တရားများ သင်ကြားပေးခဲ့ပါတယ်။ ဒါ့အပြင် နအဖ စစ်တပ်မှ အရာရှိငယ်များကို ကိုရီးယားသို့  ခေါ်ယူ၍ စစ်နည်းပညာများ သင်ကြားပေးတာဟာ အင်မတန်မှ အော့နှလုံး နာစရာပါဘဲ။
ဒေါ်လာ ဘီလီယံပေါင်းများစွာ ရဖို့ အတွက် နအဖနဲ့  လက်တွဲပြီး ရင်းနှီးမြုပ်နှံမှုတွေ လုပ်ပေးနေပြီး အာဏာရှင် သက်ဆိုးရှည်အောင် လုပ်ပေးနေပါတယ်။ နှစ်စဉ် နအဖကို ဒေါ်လာ နှစ်သန်းနှုန်း ပုံမှန် ထောက်ပံ့ပေးနေပါတယ်။ ဒီကိစ္စတွေဟာဆိုလျှင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး မစ္စတာ ဘဂီမု(န်) နိုင်ငံခြားရေး ၀န်ကြီး လုပ်ခဲ့စဉ်တုန်းက ဖြစ်ခဲ့သော ကိစ္စတွေပါပဲ။ ဒါပေမယ့် မသိသလို ရူးချင်ယောင်ဆောင် နေပါလေရဲ့ ။ တဖက်ကလည်း ဒီမိုကရေစီ အင်အားစုတွေကို မျက်နှာချိုသွေးဖို့ ၊ ထိုင်းမြန်မာ နယ်စပ်မှာ ဒုက္ခသည် ကလေးများ ပညာရေးအတွက် ၂၀၀၆ ခုနှစ် နှစ်ဆန်းပိုင်းမှာ ဒေါ်လာ ၂ သိန်း ၅ သောင်း ချပေးပြီး သူတို့ ဆောက်ပေးထားတဲ့ ကျောင်းမှာ ကိုရီးယားအလံချိတ်ကာ ကြင်နာတတ်သလို ပုံစံမျိုးနဲ့  ကယ်တင်ရှင်လုပ်နေလေရဲ့ ။ မစို့ မပို့  လျှော်ကြေးလေးနဲ့  နဖူးကို တူနဲ့  ထုပြီး၊ မျက်ရည်သုတ်ပေးတဲ့ အဖြစ်ကိုတော့ သိသူရှားပေလိမ့်မယ်။ သို့ သော်လည်း တချို့ တ၀က် အထောက်အကူဖြစ်သမို့  အနည်းအကျင်းလောက်တော့ အောင့်သီးအောင့်သက်နဲ့  ကျေးဇူးတင်သယောင် ရှိနေလေသလား ကိုယ့်ကိုယ်ကို စာရေးသူလည်း မသိရှာပါ။ လျှော်ကြေး အနည်းငယ် ထပ်ပေးလိမ့်အုံးမယ်လို့ ထင်ပါတယ်။
ကိုရီးယားကို စိတ်ကူးယဉ်နေကြသူများ၊ အရိုးကြေကြေ အရည်ခမ်းခမ်း အချစ် စမ်းချင်သူများ သိစေဖို့ အတွက် ပြောပြတာ ဖြစ်ပါတယ်။
ကျော်စွာလင်း (ရိုးမ) 
၂၀၀၇ ခုနှစ်၊ ဇန်န၀ါရီလ ၂၄ ရက်၊ ကြာသပတေးနေ့ 
ဘက်ပေါင်းစုံ နည်းပေါင်းစုံ တပြိုင်ထဲ ထိပ်တိုက်ရင်ဆိုင်ရဲမှ တွေ့ဆုံဆွေးနွေးရေး တံခါးဝကိုရောက်မှာပါ
ကျနော် ဒီဆောင်းပါးလေးကို ရေးခဲ့တာ ကြာခဲ့ပါပီ လွန်ခဲ့သည့် ၂ နှစ်ကျော်ခန့်က ဖြစ်ပါတယ်။ NLD ပါတီ မှတ်ပုံပြန်တင်ခြင်း မတင်ခြင်း ရွေးကောက်ပွဲ ဝင်းခြင်း မဝင်ခြင်းတို့နှင့် ပတ်သတ်ပြီး ဒီမိုကရေစီ အင်အားစုတွေကြား အပြန်လှန် တိုက်ခိုက်ပြောဆိုနေကြတဲ့အချိန် ၂၀၁၀ ခုနှစ် လေးလပိုင်းလောက်ကပေါ့။ ကျနော့မှာလည်း ကိုယ်ပိုင် ဘလော့ မရှိသေးတဲ့အချိန်ဖြစ်နေလို့ အင်တာနက်မှာ ဖြန့်ခဲ့ဘူးပါတယ်။ အခုလည်း အသစ်ရေးတာတွေ မရှိလို့ တခြားဆိုဒ်တွေမှာ ရေးခဲ့ဘူးတဲ့ ဆောင်းပါးအဟောင်းတွေကို လိုက်ပြန်ရှာပီး ကိုယ့်ဘလော့မှာ တင်မလို့ပါ။ အခုတော့ အရင်ပြန်တွေ့တာကို အရင်တင်လိုက်ပါတယ်။
ဘက်ပေါင်းစုံ နည်းပေါင်းစုံ တပြိုင်ထဲ ထိပ်တိုက်ရင်ဆိုင်ရဲမှ တွေ့ဆုံဆွေးနွေးရေး တံခါးဝကိုရောက်မှာပါ
ကျနော်ဟာ နိုင်ငံရေး ပညာရှင်တယောက်မဟုတ်ပါ။ တတ်သိပညာရှင် တယောက်လည်းမဟုတ်ပါ။ ဒါပေမယ့် အမိတိုင်းပြည်ကိုချစ်သော၊ တိုးတက်ကြီးပွားစေချင်သော၊ အာဏာရှင်လက်အောက်က အမြန်လွတ်မြောက်စေလိုသော၊ တရားမျှတသောနိုင်ငံ ဖြစ်စေချင်တဲ့ သာမန်အညတြ တော်လှန်ရေးသမားလေးတယောက်ပါ။
နအဖ ရဲ့ရွေးကောက်ပွဲ ဥပဒေမထွက်ခင်ကာလက နိုင်ငံတကာကရော တချို့သောပြည်သူတွေကပါ NLD ရွေးကောက်ပွဲ ဝင်မှာလား ၊ ရွေးကောက်ပွဲ ဝင်သင့်တယ် မဝင်သင့်ဘူး ဆိုတာတွေ၊ ရွေးကောက်ပွဲ ဥပဒေ အပေါ်မှာ စောင့်ကြည့် ရမယ်ဆိုတာတွေကတော့ တော်တော့်ကို လူပြောများခဲ့ကြပါပေတယ်။ NLD အနေနဲ့ကလည်း ၂ဝဝ၈ ခုနှစ် နာဂစ် အခြေခံ ဥပဒေကို ဒီမိုကရေစီ နည်းလမ်းမကျသောကြောင့် လုံးဝလက်မခံနိုင်ကြောင်း၊ ရွှေဂုံတိုင်ကြေငြာစာတမ်းကို လက်ကိုင်ထားမည်ဟုလည်း ကြေငြာထားပြီးဖြစ်ပါတယ်။
သို့သော်လည်း နအဖရဲ့ ရွေးကောက်ပွဲ ဥပဒေထွက်လာပြီးတဲ့ နောက်မှာတော့ NLD အတွင်းမှာရော၊ အပြင်မှာရော ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေးအတွက် သဘောထားတွေ ကွဲလွဲခဲ့ကြပါတယ်။ မဟာဗျူဟာ တူနေကြသော်လည်းနည်းဗျူဟာ မတူသောအယူစတွေကြောင့် ၂ဝဝ၈ အခြေခံဥပဒေနှင့် ရွေးကောက်ပွဲ ဥပဒေကို မနှစ်မြိုသောလည်း အခြေနေအရ ရွေးကောက်ပွဲဝင်သင့်သည်ဟု ယူဆသော ပုဂ္ဂိုလ်တချို့ကို ချိုးချိုးဖဲ့ဖဲ့ ပြောဆို ဝေဖန်ခဲ့ပါတယ်၊ အများဆန္ဒကို လိုက်လျောပြီး အနည်းစု ဆန္ဒကို လေးစားရမည်ဆိုသော ဒီမိုကရေစီ အခြေခံ သဘောတရားတွေကို သတိမူသင့်ပါတယ်။ တကယ်ဆို ထိုပုဂ္ဂိုလ်များသည် လည်း ဒီမိုကရေစီအတွက် ထောင်ထဲတွင် အနှိပ်စက်ခံပြီး နှစ်ရှည်ထောင်ကျခံခ့ရဲ သူတွေလည်းဖြစ်ပါသည်။ ဘယ်သူမှ ပျက်လိုရာ ပျက်စီးကြောင်းနှင့် အမတ်ဖြစ်လိုသော ဆန္ဒဖြင့် ယူဆခြင်း မဟုတ်နိုင်ပါ။ နအဖ ဘက်ကလည်း ၂ဝဝ၈ နာဂစ် အခြေခံ ဥပဒေကို ပြန်ပြင်ဆင်မှာ မဟုတ်သလို၊ NLD ဘက်ကလည်း ရွှေဂုန်တိုင် ကြေငြာစာတမ်းကို လက်မလွှတ်ဘူးဆိုလျင် ရွေးကောက်ပွဲဥပဒေကို စောင့်နေစရာမလို၊ အစည်းဝေး ခေါ်ပြီး မဲခွဲဆုံးဖြတ်ချက်တွေ ချစရာမလိုပဲ ရွေးကောက်ပွဲ မှတ်ပုံမတင်ဘူး ရွေးကောက်ပွဲမဝင်ဘူးလို့ အစကတည်းက ကြေငြာသင့်ပါတယ်။ တကယ်လို့ ရွေးကောက်ပွဲ ဥပဒေမှာ ဒေါ်စု အပါဝင် NLD ခေါင်းဆောင်တွေကို ရွေးကောက်ပွဲ ဝင်ခွင့်ပေးရင်ကော ၂ဝဝ၈ နာဂစ် အခြေခံ ဥပဒေကို လက္ခံပြီး ရွှေဂုန်တိုင် ကြေငြာစာတမ်းကို လက်လွှတ်မှာလား ဆိုတာတွေဟာ မေးစရာ ဖြစ်လာပါလိမ့်မယ်။
ရွေးကောက်ပွဲမဝင်ခြင်းနှင့် ဝင်ခြင်း
NLD ရွေးကောက်ပွဲ ဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ၊ တကမ္ဘာလုံးက တရားမျှတမှု မရှိပါဘူးလို့ဘာပဲပြောပြောကုလသမဂ္ဂက ဘာတွေပဲ တောင်းဆို ချမှတ်ပါစေ ယ္ခုချိန်တွင် နအဖ သည် ဘာကိုမှ ဂရုစိုက်တော့မည် မဟုတ်ပါ၊ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ဗွီတိုအာဏာရှိသော တရုပ်နှင့် ရုရှားက နအဖ အနောက်မှာ ရှိနေတယ်၊ စိတ်မကောင်းပါဘူး စိတ်ပျက်မိပါတယ်ဆိုပြီး စတိတ်မန့်တွေ အကြိမ်ကြိမ်ထုပ်နေတဲ့ ကုလသမဂ္ဂဟာလည်း အဆွယ်မရှိတော့တဲ့ ကျားအိုကြီးလို အူနိုင်တဲ့ အဆင့်ပဲရှိပါတော့တယ်၊ အမေရိကန်က စစ်ရေးအရ အရေးယူဘို့ဆိုတာ စိတ်ကူးရင် သက်သက်ပါ။၏၊ သူ့အကျိုးမရှိရင် ဘာမှမလုပ်ပါဘူး။ တောမီးလောင် တောကြောင် လက်ခမောင်းခပ်ဆိုသလို မြန်မာပြည်ရဲ့ နိုင်ငံရေး အကျပ်တည်းအပေါ်မှာ စီးပွားရေးအမြတ်ထုပ်နေကြတဲ့ အာရှနိုင်ငံတွေဟာ ဘယ်လိုပုံစံ မျိုးနဲ့ဖြစ်ဖြစ် ၂ဝဝ၈ နာဂစ် အခြေခံ ဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေ တွေဟာ ဒီမိုကရေစီ နည်းလမ်းကျသည်ဖြစ်စေ မကျသည်ဖြစ်စေ ရွေးကောက်ပွဲ အပြီး တက်လာမည့် သူတွေကို တရားဝင်အစိုးရ မြန်မြန်ဖြစ်စေချင်တာ သူတို့ဆန္ဒပါ ၊ ရွေးကောက်ပွဲ မဖြစ်လဲ ပိုတောင် သဘောကြပါအုံးလိမ့်မည်၊ အလွန်ဆုံး ထုံးစံအတိုင်း အာစီယံ လွှတ်တော်အမတ်တချို့ လက်မှတ်ဝိုင်းထိုးပြီး ကုလသမဂ္ဂထံသို့ နအဖ အား ပိုမိုဖိအားပေးရန် စာရေးတောင်းဆိုတာက လွဲရင် ဘာမှ ပိုမလုပ်နိုင်ပါဘူး။ နိုင်ငံတကာမှာရှိတဲ့ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြတောင်းဆိုမှုတွေဟာလည်း နအဖအတွက် ရိုးအီနေပါပြီ။
၈၈၈၈ ရှစ်လေးလုံး အရေးတော်ပုံ အပြီး ၁၉ နှစ်အကြာ ၂ဝဝ၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးတုန်းကလည်းနောက်ဆုံးတိုက်ပွဲလို့ ထင်ကြေးတွေ ပေးခြဲ့ကပါတယ်၊ တကယ်တော့ နအဖ သူ့အာဏာ တည်မြဲရေးအတွက် သံဃာတော်တွေကို ရက်ရက်စက်စက် နှိမ်နှင်းပြခဲ့ပါတယ်၊ ကုလသမဂ္ဂရဲ့ ဆောင်ရွက်မှုကတော့ ဂန်ဘာရီကို မြန်မာပြည်လွှတ်ကာမှ ပြည်သူတွေ တွေဝေသွားကာ ဆန္ဒပြပွဲတွေကို ရပ်တန့်သလိုတောင် ဖြစ်စေခဲ့ပါတယ်။နောက်ပိုင်း ၂ဝဝ၈ နာဂစ် အခြေခံ ဥပဒေ လမ်းကြောင်းအတိုင်း ၂ဝ၁ဝ ရွေးကောက်ပွဲကို ထောက်ခံသလိုရွေးကောက်ပွဲ ဝင်စေသလိုမျိုး ရူးကြောင်ကြောင်ပြောခဲ့ပါသေးတယ်။ ၂ဝဝ၈ နာဂစ်မုန်တိုင်းဝင်လို့ လူနှစ်သိန်းကျော်သေ၊ သန်းနဲ့ချီပီ ပြည်သူတွေဒုက္ခရောက်နေတာကို လစ်လျူရှု့ခဲ့လို့ ကုလသမဂ္ဂ၊ အမေရိက၊ အီးယူနှင့် နိုင်ငံတကာ အသိုင်းဝန်း တို့က R2P ( Responsibility to Protect ) အာတူးပီသုံးပြီး အရေးယူနိုင်ခဲ့ပါတယ်၊ R2P မှာ အဓိက အခြေအနေ (၄) မျိုးရှိပါတယ်။ လူအစုလိုက် အပြုံလိုက် သတ်နေတဲ့ အခြေအနေမျိုး (Genocide)၊ လူမျိုးစုတွေ မျိုးတုံးအောင်သတ်ဖြတ်နေတဲ့ အခြေအနေမျိုး (ethnic cleansing)၊ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်နေတဲ့ အခြေအနေမျိုး(War Crimes) နဲ့ ပြည်သူတွေအပေါ် ရက်ရက်စက်စက် ကျူးလွန်နေတ့အဲ ခြေအနေမျိုး (Crime against humanity) တွေမှာ အာတူးပီသုံးနိုင်တယ်ဆိုပြီး တိတိကျကျသတ်မှတ်ခဲ့ပါတယ်။ နိုင်ငံတခုမှာ ဒီလိုအခြေအနေတခုခု ဖြစ်နေရင် နိုင်ငံတကာအသိုင်းအ၀န်းက စစ်ရေးနည်းနဲ့ဝင်ပြီး အကာ အကွယ် ပေးနိုင်တယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ ဒါပေမယ့် ၎င်း R2P ဆိုတာလဲ နအဖ နဲ့တွေ့တော့ အာဖျန်ကွီး ဖြစ်သွားပါတော့တယ်။
၂ဝဝ၉ မှာ အမှုဆင် ဂွင်ဖန်တဲ့ နအဖ ရဲ့ ဘဲခြေထောက် စစ်ဆင်ရေး ငစနူ ဂျွန်ရက်တော အမှုနဲ့ ပတ်သတ်ပြီး ဒေါ်စုကို အင်းစိန် အကျဉ်းထောင်ပို့ခြဲ့ကတယ်၊ ၂ဝ၁ဝ ရွေးကောက်ပွဲ အတွက် ဒေါ်စုမပါနိုင်တ့ဲ ရွေးကောက်ပွဲမှာ ပါတီ မှတ်ပုံ မတင်ဘို့ တပြည်လုံးက NLD အဖွဲ့ဝင်တွေ ဆုံးဖြတ်ကြတယ်၊ ပါတီမှတ်ပုံတင်ရင် ဒေါ်စု မပါဝင်နိုင်မှာဆိုးလို့ ဒေါ်စုကို ပါတီမှ ထုပ်ပယ်ရမည်ဆိုးသဖြင့် ဆိုးရိမ်ပူပန် ကြေကွဲနေကြသူတွေ ဒေါ်စု အင်းစိန် သံတိုင်ကြားမှာ ရှိနေတုန်း ဘာလုပ်နေကြပါသလဲ၊ တယောက်စ နှစ်ယောက်စ အင်းစိန်ထောင်ရှေ့မှာ ဒေါ်စု လွတ်မြောက်ရေးအတွက် ဆန္ဒပြတောင်းဆိုခဲ့လို့ ကြံဖွတ် နဲ့ စွမ်းအားရှင်တွေ ဝိုင်းဝန်း ရိုက်နှက် ကားပေါ်ဆွဲတင်ပြီး ဖမ်းဆီးခြင်းခံလိုက်ရရှာတယ်။ သန်းချီရှိတယ်ပြောသော NLD ပါတီဝင်တွေလဲ ဟင်္သာ ကိုးသောင်းနှင့် ပင့်ကူပမာပင်။
လာမည့် ရွေးကောက်ပွဲတွင်လည်း နအဖ ကတော့ တကမ္ဘာလုံးက ဘာပဲပြောပြော ၊ ပြည်သူကိုလည်း ဂရုမစိုက်၊ NLD ပါတီလည်း ရွေးကောက်ပွဲ ဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ ဘာကိုမှ ဂရုစိုက်မည် မဟုတ်ပေ။ လုံခြုံရေးကောင်စီကိုလည်း စရင်းထဲ ထည့်တွက်မည် မဟုတ်တော့၊ ရွှေဝါရောင်တော်လှန်းရေးကိုလည်း နှိမ်ကွပ်ပြပြီးပြီ၊ စစ်ရာဇဝတ်မှုတွေ ကျုးလွန်နေတဲ့ နအဖ အတွက် နာဂစ်ဖြစ်ပြီးနောက်မှာလည်း R2P ဟာ အာဖျံကွီး ဖြစ်ခဲ့ရ ပြီးပြီ၊ ဒေါ်စုကိုလည်း အင်းစိန်ထဲ ထည့်ပြနိုင်ခဲ့ပြီးပြီ၊ ကဲ... နအဖ ကတော့ သူလုပ်ချင်တာ မဖြစ်ဖြစ်အောင်လုပ်မှာတော့ မြေကြီးလက်ခတ်မလွဲပါ။
ရွေးကောက်ပွဲမှာ NLD မပါတာဟာလည်း နအဖ အတွက် အလိုချင်ဆုံး မျှော်လင့်ချက်တခုပါ၊ NLD ရွေးကောက်ပွဲ မှတ်ပုံမတင်ဘို့ ကိုယ်ရောင်ဖျောက် စော်သြကြတဲ့ အထဲမှာ နအဖ လဲ မပါနိုင်ဘူးလို့ ဘယ်သူပြောနိုင်ပါသလဲ၊ NLD ရွေးကောက်ပွဲ မဝင်လဲ တခြား တိုင်းရင်းသားတွေ ပါတီထောင်ပြီး ရွေးကောက်ပွဲ မှတ်ပုံတင်ထားကြတာလဲ အများကြီးပါ။ တခြားတိုင်းရင်းသားတွေမှာ သမိုင်းအစဉ်လာရှိတဲ့ လက်နက်ကိုင်တပ်တွေလဲရှိကြတယ်။ ၎င်းအဖွဲ့စည်းတပ်တွေကလည်း သူတို့တိုင်းရင်းသားတွေ ရွေးကောက်ပွဲ မှတ်ပုံတင်တဲ့ ကိစ္စနဲ့ပတ်သတ်လို့ ဝေဖန်ပုတ်ခတ်ပြောဆိုတာ မရှိပါဘူး။ NLD ရွေးကောက်ပွဲ မှတ်ပုံတင်သင့်တယ်လို့ ပြောခဲ့ပဂ္ဂိုလ်တွေကို ချိုးချိုးဖဲ့ဖဲ့ ပြောခြဲ့ကသူတွေ အဲ့ဒီ မှတ်ပုံတင်ခြဲ့ကတဲ့ တိုင်းရင်းသားပါတီတွေကိုကော ဘာလို့ ချိုးချိုးဖဲ့ဖ့ဲ မဝေဖန်ရဲတာလည်း၊ တိုင်းရင်းသား တွေမို့လို့ မပြောချင်တာ မပြောရက်တာ ဆိုရင်တော့ မှားပါလိမ့်မယ်၊ တိုင်းရင်းသားတွေအပေါ်မှာ သြဇာညောင်းနိုင်ပါတယ်ဆိုတဲ့ NLD ပါတီက ခေါင်းဆောင်ကြီးတွေကရော NLD နဲ့ ထပ်တူ ရွေးကောက်ပွဲ မှတ်ပုံမတင်ဖို့ မပြောနိုင် မတားနိုင်တော့ဘူးလား၊ တွေးစရာတွေ အများကြီးပါ။ တကယ်တော့ NLD နဲ့ တိုင်းရင်းသားတွေဟာ ခွဲခြားထားလို့မရပါဘူး။ ပါတီမရှိလဲ နိုင်ငံရေး ရှိနေမယ်၊ ပြည်သူတွေကို စည်းရုံးနိုင်လိမ့်မယ်ဆိုရင် အခုလက်ရှိ ပါတီကြီး ရှိနေတာတောင် တိုင်းရင်းသားတွေကို NLD နဲ့ထပ်တူ ရွေးကောက်ပွဲ မဝင်ဖို့ မစည်းရုံးနိုင်တာ သြဇာမညောင်းနိုင်တာ အမှန်တရားပါပဲ။ တိုင်းရင်းသားတွေဟာ NLD ကိုလေးစားသော်ငြားလည်း သူတို့အတွက် အားကိုးယုံကြည်မှု့ အပြည့်ဝ မရှိနိုင်သေးဘူးလို့ ယူဆသောကြောင့် သူတို့နည်း သူတို့ဟန်နဲ့ ထွက်ပေါက်ရှာကြတာပါပဲ။
၂ဝဝဝ ခုနှစ် ဝန်းကျင်လောက်ကဖြစ်ပါလိမ့်မည် အပစ်ရပ် အဖွဲ့နဲ့ ရေဒီယို အင်တာဗျုး တခုမှာ သူတို့အနေဖြင့် နအဖဟာ သူတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေပြီး ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သူတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာမှ လုပ်ပေးနိုင်မည် မဟုတ်ဟု ပြောဆိုခဲ့ပါသည်၊ ဟုတ်ပါသည် သူတို့ဟာသူတို့ဒေသကလွဲရင် ဘာမှ စဉ်းစားပေးမည် မဟုတ်ပါ၊ နအဖ၏ ဆန္ဒအတိုင်း နယ်ခြားစောင့်တပ် အဖြစ် ဖွဲ့စည်းရေးဆိုသည်မှာလည်း ၎င်းတို့ တောင်းဆိုသော အချက်တွေကို နအဖ ကလက္ခံမည်ဆိုလျင် နအဖနှင့်လက်တွဲသွားနိုင်ပါသည်။ NLD ၏ သဘောထားတွေကို ထည့်စဉ်းစားမည်မဟုတ်ပါ၊ အခုတောင် ၎င်းတိုင်းရင်းသားတွေထဲမှ ရွေးကောက်ပွဲ မှတ်ပုံတင်ပြီး ရွေးကောက်ပွဲ ဝင်ရန်ပြင်ဆင်နေကြပါသည်၊ နအဖဟာ လက်နက်ကိုင် ငြိမ်းအဖွဲ့တွေကို အပျက်ရှင်းဖို့အတွက် အချောင်သမား တရုပ်ကြီးအား သဘာဝဓါတ်ငွေ့ ပိုက်လိုင်းသွယ် ရောင်းချပေးခြင်း ရေအားလျှပ်စစ် ထုပ်လုပ်နိုင်သော ရေကာတာများ ဆောက်လုပ်ခွင့်ပေးခြင်း ကချင်ပြည်နယ်အား ကတုံး တုံးပြီး အဖိုးတန်သစ်များအား တရားဝင်ရော တရားမဝင်ရော တရုပ်ပြည်သို့ ပို့ပေးခြင်းဖြင့် တရုပ်ကြီးပါးစပ်အား ဆို့ပေးထားလေ၏။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဘီတိုအာဏာဖြင့်ကန့်ကွက်မဲရရေး အတွက်ပါ တရုပ်ကိုဖါးနေရလေ၏။ ထို့ကြောင့် တရုပ်ကြီးကို အထင်ကြီးခဲ့မိတဲ့ တိုင်းရင်းသားတွေလဲ တခြားအင်အားစု တခုအနေဖြင့် ရွေးကောက်ပွဲ ဝင်တန်ရာလေ၏။
နအဖ ကတော့ NLD ရွေးကောက်ပွဲ ဝင်မှာကို လုံးဝ လိုလားလိမ့်မည် မဟုတ်ပါ၊ ရွေးကောက်ပွဲ ဝင်ခဲ့မယ်ဆိုရင် NLD ဟာ လွှတ်တော်ထဲမှာ အကြီးမားဆုံး အတိုက်ခံ ပါတီ ဖြစ်လာနိုင်ရုံသာမက ရွေးကောက်ပွဲ အပြီး ဒေသဆိုင်ရာတွေမှာ အနိုင်ရလာနိုင်မယ့် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေကိုပါ မဟာမိတ်ပြုပြီး ဦးဆောင်နိုင်တဲ့ အနေထားရှိပါတယ်၊ နိုင်ငံရေး ဆိုသည်မှာ ရန်သူကို မိတ်ဆွေဖြစ်အောင် ပြုခြင်းဆိုတဲ့ ဝေါဟာရ အရ ကိုတွေဘက်က ကြိုးစားရင် လွှတ်တော်ထဲက တမတ်သား စစ်ဗိုလ် ကိုယ်စားလှယ်တွေကို ကိုယ့်ဘက်ပါလာအောင် နားလည်းလာနိုင်အောင် စည်းရုံးရမှာ ဖြစ်ပါတယ်၊ အမြဲတန်း ငြင်းဆန်နေတဲ့ ဗိုလ်သန်းရွှေနဲ့ တွေ့ဆုံမှဆွေးနွေးမှ အောင်မြင်နိုင်မှာ မဟုတ်သလို အချိန်တို အတွင်းမှာ လွယ်လွယ်နဲ့ မရနိုင်ပေမယ့်လဲ စစ်ဗိုလ်တွေ အထဲ အမှန်တရားမြတ်နိုးပြီး အပြောင်းလဲ ဖြစ်စေချင်တဲ့ စစ်ဗိုလ်တွေလဲ ရှိကြပါတယ်။ မဖြစ်နိုင်ပါဘူးလို့ ယူစကြရင်တော့ ပိုပြီး မဖြစ်နိုင်တာက လက်ရှိ အနေထားအရ အပေါ်စီးက ရနေတဲ့ ဗိုလ်သန်းရွှေက တော့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးကို ဘယ်တော့မှ လုပ်မည်မဟုတ်ပါဘူး။ အနှစ် ၂ဝ လုံးလုံး တောင်းဆိုချက်တွေ မျိုးစုံ၊ စတိတ်မန့် အဖုံဖုံနဲ့ တောင်းဆိုခဲ့တာတွေကို ဘာတွေများ နအဖ ကလိုက်လျောခဲ့တာရှိခဲ့လို့လဲ၊ တကယ်လို့ NLD ကရွေးကောက်ပွဲ ဝင်မည်ဆိုလျင် ပြည်သူတွေက NLD မဲပေးဘို့ပဲ အများစုက ဦးစားပေးကြမှာပါ၊ လွှတ်တော်အတွင်းမှာလည်း NLD ဦးဆောင်တဲ့ အကြီးမားဆုံး မဟာမိတ် အတိုက်ခံတွေ အနေနဲ့ အနည်းဆုံး နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်အောင် ဆောင်ရွက်နိုင်ခြင်း၊ လက်ရှိအနေထားထက် ပိုပြီး သတင်းမီဒီယာ လွတ်လပ်ခွင့်တွေ ရရှိအောင် ဆောင်ရွက်နိုင်ခြင်း၊ NGO လူမှု့ အဖွဲ့စည်းတွေ ဖွဲ့စည်းနိုင်အောင် ဆောင်ရွက်ခြင်းဖြင့် လူထုကို မျက်စိဖွင့်ပေးနိုင်သော အခွင့်ရေးရရှိနိုင်ခြင်း၊ လက်ရှိအနေထားထက် ပို၍ တရားမျှတမှုတွေ ရှိအောင်စွမ်းဆောင်နိုင်တဲ့ အရည်ခြင်းရှိနိုင်ပါသည်။ ရွေးကောက်ပွဲ ဝင်ခဲ့ရင် နအဖ ဥပဒေအရ NLD ပါတီဝင်အဖြစ်မှ ဒေါ်စုကိုဖယ်ရှားရမှာ ဖြစ်ပေသော်ငြားလည်း ထိုအချင်းရာသည် နအဖ၏ သတ်မှတ်ချက် စာရွက်ပေါ်မှာသာ ဖြစ်နိုင်ပါတယ်။ ပြည်သူတွေရဲ့ သတ်မှတ်ချက်ကတော့ ဒေါ်စုဟာ ထာဝရ NLD ခေါင်းဆောင်၊ NLD ကို အမြဲတမ်း ညွှန်ကြား လမ်းပြနိုင်ပါတယ်။
ရွေးကောက်ပွဲ မဝင်ခြင်းဟာ NLD ပါတီရဲ့ ဂုဏ်သိက္ခာကို မြင့်တင်ရာရောက်သလို ဒီမိုကရေစီ အောင်ပွဲအတွက် ခြေလှမ်းသစ် တရပ်လို့ ပြောနိုင်သော်လည်း ရွေးကောက်ပွဲဝင်ရင်လဲ ပြည်သူတွေက အနေထား အားလုံးကို နားလည်ထားသည့်အတွက် NLD ကို အရှက်မရှိ သိက္ခာမရှိတဲ့ ပါတီလို့ ဝေဖန်ပုတ်ခတ်ကြမှာ မဟုတ်ပဲ အားလုံးနီးပါး မဲပေးကြမည်မှာ သေချာပေသည်။
NLD ဟာရွေးကောက်ပွဲ မဝင်ရင်
NLD ဟာ ရွေးကောက်ပွဲ မဝင်လို့ နအဖ က တရားမဝင် အဖွဲ့စည်းဖြစ် ကြေငြာပြီး ဖျက်သိမ်းတိုင်းလဲ NLD က ပျက်စရာမလိုပါ၊ ဒီအချိန်မှာ နည်းပေါင်းစုံနဲ့ ထိပ်တိုက် ရင်ဆိုင်ဖို့သာရှိပါတော့သည်။ ၂ဝဝ၇ ရွှေဝါရောင်တော်လှန်ရေး အပြီးမှာ NLD ရုံးကြီးအရှေ့မှာ ကြံ့ဖွံ့နဲ့ စွမ်းအားရှင်တွေက NLD အဖွဲ့ဝင် တချို့ကို ပေါ်တင်ရိုက်နှက်ကားပေါ်ဆွဲတင် သွားခြဲ့ကပါတယ်၊ ပြီးတော့  ကြံ့ဖွံ့ခေါင်းဆောင်တွေက NLD ရုံးထဲထိ ဝင်လာပြီး ဘာဖြစ်ချင်ဟု လူမိုက်စကားပြော စိန်ခေါ်ခဲ့ဘူးသည့် သာဓကများနှင့် လေးခွဖြင့် ရဲများကိုယ်တိုင် စော်ကား ပစ်ခတ်ခြင်း လူမိုက်ငှား သံလက်သီးဖြင့်ထိုးခိုင်းခြင်း အစသဖြင့်လည်း အများကြီး ရှိခဲ့ဘူးသောကြောင့် NLD အား တရားမဝင် အဖွဲ့စည်းဖြစ် ကြေငြာပြီး နောက်ပိုင်းတွင် နေရာတိုင်းမှာ NLD အဖွဲ့ဝင်တွေကို ပိုမိုနှိပ်ကွပ်လာနိုင်ပါသည်။ ဒါကြောင့် NLD ဟာ နောက်ပိုင်းကြရင် ပါတီမရှိလည်း နိုင်ငံရေးရှိတယ်ဆိုပြီး လူထုအကျိုးပြု လုပ်ငန်း သက်သက် လုပ်ရုံနဲ့လောက်တော့ ပြီးလိမ့်မည် မဟုတ်ပါ၊ NLD ပါတီဝင်တွေ သန်းနဲ့ချီရှိတယ်ဆိုရင် အနည်းဆုံး ၅% လောက်တော့ လမ်းမပေါ် ခေါ်ထုတ်နိုင်ရပါလိမ့်မယ်၊ ထိုင်းနိုင်ငံက ရှပ်နီတွေ၊ ရှပ်ဝါတွေလို လမ်းမပေါ်(အကြမ်းမဖက်သောနည်းဖြင့်) တက် ဆန္ဒပြရဲရပါလိမ့်မယ်၊ ဖမ်းမယ်ဆိုရင်လည်း ဂန္ဒီလမ်းစဉ်လို တမ်းစီပြီ ထောင်ထဲဝင်ပြလိုက်ရုံပါပဲ၊ ပြီးခဲ့သော လူထုဆန္ဒပြပွဲ အတွေ့ကြုံတွေ သင်္ခန်းစာတွေကိုယူပြီး ဆန္ဒပြပွဲ မပြိုကွဲအောင် စနစ်တကျ ပြင်ဆင်ရပါမည်၊ လက်ရှိအခြေနေမှာ ထိပ်တိုက် ရင်ဆိုင်နိုင်ရဲခြင်းသာလျင် တွေ့ဆုံဆွေးနွေးမှု့ တံခါးတွေကို ဖွင့်နိုင်မှာ ဖြစ်ပါတယ်၊ လူထုလှုပ်ရှားမှု့တွေ ပြိုကွဲပြီး မြဝတီ တံတားကို ဖေါက်ထွက် မဲဆောက် တော်လှန်ရေး မဖြစ်ဘို့လဲအရေးကြီးပါတယ်၊ နောက်တခုကတော့ NLD ထဲမှာ တက်ကြွပျက်သား ရဲရင့်တဲ့ လူငယ်ခေါင်းဆောင်တွေကို ထောင်ဂဏန်းချီပြီး အမြန်ဆုံး မွေးထုပ် နေရာပေးရပါလိမ့်မယ်၊ ဗိုလ်နေဝင်း (၂၆)နှစ် ၊ နဝတ နအဖ (၂၂) နှစ်ရှိနေပါပြီ၊ သူတို့မှာ တဗိုလ်ကျ တဗိုလ်ဆင်း အစဉ်သင့်ပါ၊ ၈၈၈၈ ရှစ်လေးလုံး အရေးတော်ပုံပြီးနောက် (၁၉)နှစ်ကြာ ၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေးကြီးလည်း ပြီးခဲ့သည်မှာ (၃)သုံးနှစ်ကြာခဲ့ပါပြီ၊ အချိန်တွေဟာ ကုန်လွန်မြန်လှပါတယ်၊ အခု လက်ရှိ NLD ခေါင်းဆောင်တြွေဖစ်ကြတဲ့ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဒေါ်စု နှင့် တခြား ခေါင်းဆောင်တွေကို နောင်လာမည့် (၅)နှစ် ၊ (၁ဝ)နှစ်လောက် အကြာမှာ မြင်ကြည့်ရင် လောကကြီးမှာ ဘယ်နှစ်ယောက်လောက် အသက်ရှင်ကျန်နေအုံးမလ၊ဲ ကျန်ခဲ့မယ့် သူတွေကော သူတို့ရဲ့ ကျမ္မာရေး အနေထားနဲ့ ဘယ်လောက်ထိ တာဝန်ယူ ဦးဆောင်နိုင်လိမ့်မည် မသိနိုင်ပါ။
နောက်ဆုံးတချက်အနေနဲ့ ရွေးကောက်ပွဲကို အလိုမရှိသူများအနေဖြင့်လည်း ရွေးကောက်ပွဲ ဝင်မည့်သူများကို မတားနိုင်သော်ငြားလည်း ရည်ရွည်ချက် ပန်းတိုင် တခုတည်းပေါ်မှာ မကြာခင်ကြုံတွေ့ရမည့် စိန်ခေါ်မှု့တွေအတွက် လက်တွဲရမှာ ဖြစ်ပါတယ်၊ နည်းဗျူဟာ မတူကြတာနဲ့ အချင်းချင်း စစ်မျက်နှာအသစ်တွေဖွင့် ဝေဖန်တိုက်ခိုက်နေကြလို့ကတော့ ရန်သူ့အကြိုက်ပဲ ဖြစ်နေမှာပါ။ နအဖ လက်ဝေခံတွေ မဟုတ်တဲ့ ပါတီမှတ်ပုံတင်ထားတဲ့ ပါတီတေ၊ွ တိုင်းရင်းသား ပါတီတွေ၊ ပုဂ္ဂိုလ်တွေဟာလည်း မြန်မာ့ဒီမိုကရေစီရေးအတွက် ရနိုင်တဲ့ အခွင့်ရေး တချို့ကိုသုံးပြီး နအဖရဲ့ ဖိနှိပ်မှု့တွေ၊ အတားဆီးတွေ၊ အခက်ခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ပြီး ရွေးကောက်ပွဲ ဝင်ရမှာဖြစ်ပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဒီမိုကရေစီ ရနိုင်သလောက် ရရှိရေးအတွက် အရဲစွန့်လုပ်ရမည်ဖြစ်သောကြောင့် ရွေးကောက်ပွဲ ဝင်ခြင်း မဝင်ခြင်းကို ထောက်ခံကြသော ဒီမိုကရေစီ လိုလားကြသော သူအားလုံးက ၎င်းတို့ မဲဆန္ဒနယ်မြေတွင် အောင်မြင်နိုင်ဘို့ ကူညီပန့်ပိုးသင့်ပါတယ်၊ အခြေနေအရ ရွေးကောက်ပွဲ မဝင်သည့် NLD ပါတီကိုလည်း ဒီမိုကရေစီ လိုလားသူအားလုံး၊ လူထုတရပ်လုံး ၊ရွေးကောက်ပွဲဝင်ပါတီအားလုံးက အပြန်လှန် ဝိုင်းရံရမှာ ဖြစ်ပါတယ်၊ ဒီမိုကရေစီထွန်းကားရေး မဟာပန်းတိုင် တူညီနေတာကြောင့် မကြာခင် အချိန်မှာ လွှတ်တော်အတွင်းရှိနေသော အတိုက်ခံ ဒီမိုကရေစီ အင်အားစုနဲ့ လမ်းမပေါ်မှာ ရှိနေမည့် ပြည်သူနဲ့ NLD ဟာ အာဏာရှင် ဆန့်ကျင်ရေး နှင့် ဒီမိုကရေစီ ရရှိရေး လမ်းကြောင်းပေါ်မှာ တထပ်တည်းကျနေပြီး နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်တိုက်ပွဲဝင်ဘို့ အမြန်ဆုံး ညှိနှိုင်းပြင်ဆင်စေကြောင်း ဆန္ဒပြုလိုက်ပါသည်။
မတူကြွဲပားတဲ့ အမြင်ရှိသော် ဒီမိုကရေစီ အင်အားစုအားလုံး၏ အနှစ်ချုပ်သည်လည်း ဒီမိုကရေစီ ရရှိရေးဖြစ်ပါသည်။
ကျော်စွာလင်း (ရိုးမ)
(၁၇.ဝ၄.၂ဝ၁ဝ)
ဦးသိန်းစိန်ရဲ့ လုပ်ရပ်တွေအပေါ် ချီးကျူးပါတယ် ဒါပေမယ့်
သမ္မတကြီး ဦးသိန်းစိန်က ၁၃.၂.၂၀၁၂ နေ့မှာ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးလိုက်တာနဲ့ Facebook မှာ ဦးသိန်းစိန်ကို ဂုဏ်ပြုသောအားဖြင့် အကျဉ်းသားတွေ လွှတ်ပေးတဲ့နေ့ကို မြန်မာနိုင်ငံရဲ့ သမ္မတနေ့လို့ သတ်မှတ်ဖို့ရေးနေတာတွေ့လို့ ကျနော်စဉ်းစားမိတာတွေကို အစွန်းနှစ်ဘက် မရောက်ပဲ ရေးလိုက်တာပါ။
ဦးသိန်းစိန်ရဲ့ လုပ်ရပ်တွေအပေါ် ချီးကျူးပါတယ် ဒါပေမယ့် သမ္မတနေ့အဖြစ် သတ်မှတ်ဖို့ အလွန်စောသေးပါတယ်။
၁။အရမ်းအန္တရယ်ကြီးတဲ့ တရုပ်အလိုကျလုပ်ခဲ့တဲ့ မြစ်စုံကိစ္စ အဲ့ဒီမီးကိုမွှေးခဲ့တာလည်း အခုအုပ်ချုပ်နေတဲ့ စစ်တပ်ကလာတဲ့ လူတွေပဲ။ ပြည်သူလူထုရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေဟာ အာရပ်က ဒီမိုကစေလှိုင်းတွေလို ပုံစံပြောင်းသွားမှာကို စိုးရိမ်တာက တကြောင်း သမ္မတရဲ့ အကြံပေးအဖွဲ့တွေရဲ့ အရည်ချင်းနဲ့ သမ္မတကိုယ်တိုင်က အကောင်းအဆိုး အကျိုးအပြစ်ကို သေချာစွာ သိသွားလို့လည်းပါပါတယ်။ စစ်တပ်က မဟုတ်တာတွေ လုပ်ခဲ့သမျှကို စစ်တပ်ကလာတဲ့ သမ္မတကြီး ဦးသိန်းစိန်ကပဲ မြစ်ဆုံကို သူ့သမ္မတ သက်တန်းမှာ ရပ်ဆိုင်းလိုက်တာပါ ၊ ဒါတောင် အပြီး ဖျက်သိမ်းလိုက်တာမဟုတ်သေးဘူး ၊ မေခနဲ့ မလိခ မြစ်တွေမှာ ရေကာတာတွေ အများကြီး ဆောက်ပြီးသွားပါပီ။
၂။နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတယ်ဆိုတာလဲ နဂိုထဲကမှ မဖမ်းသင့် မဖမ်းထိုက်တဲ့သူတွေကို မတော်မတရား စစ်တပ်က ဖမ်းခဲ့တာ အခုလည်း စစ်တပ်ကပြောင်းလာတဲ့ ဦးသိန်းစိန် အစိုးရကပဲ ပြန်လွှတ်ပေးလိုက်တာ အန်ကယ် ဦးခွန်ထူးဦး ပြောသလိုပါပဲ သူ့ကို ညောင်၂ပင်ညီလာခံမတက်တာနဲ့ မဟုတ်တရုတ် ပုဒ်မ တွေနဲ့ အကွက်ဆင် မဖမ်းသင့်ပဲနဲ့ဖမ်းပီး ထောင်ထဲမှာ အကြာကြီးထားခဲ့တာ သူတို့ဖမ်းပီး သူတို့ပြန်လွှတ်ပေးလိုက်တာ ဘာမှမခံစားရဘူးတဲ့ မှန်လိုက်တဲ့စကား ။ထောင်ထဲမှာ အလကား ဆုံးရှုံးသွားတဲ့နှစ်ရှည် လများစွာတွေ ကိုတော့ သမ္မတကြီး ဘာနဲ့မှ ပြန်မဝယ်ပေးနိုင်တော့ပါဘူး။
၃။ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ မှာ လည်း ကချင်ပြည်နယ် ထိုးစစ်တွေ မတော်မတရားလုပ်နေတာ ဘာကြောင့်လည်း ဘယ်သူ့အတွက်လည်း မြန်မာနိုင်ငံရဲ့နိုင်ငံရေး အကျပ်အတည်းကို ကိုယ်ကျိုးအတွက် အခွင့်ကောင်းယူ နေတဲ့ အရုတ်ကို ဈေးပေါပေါနဲ့ ရောင်းထားတဲ့ ရခိုင်ပင်လယ်က ဂါတ်() ကို ပိုက်လိုင်းသွယ်ဘို့လုပ်နေတာကို အကြောင်းပြပီး ထိုးစစ်တွေဆင်နွှဲနေတာကိုလည်း လုံးဝရပ်သင့်ပါပီ ဦးသိန်းစိန်က ကာချုပ် မင်းအောင်လှိုင်စီကို ကချင်ပြည်နယ်မှာ ထိုးစစ်တွေရပ်ဖို့ စာပို့လိုက်ပေမယ့် ယနေ့အထိ စစ်ပွဲတွေဆင်နွှဲနေတုန်းပဲ။ တခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့လည်း ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးထားကြပါတယ် ဒါပေမယ့် ထာဝရ ငြိမ်းချမ်းရေးဖြစ်ဖို့တော့လိုတယ် စောင့်ကြည့်ရမယ် အစဉ်ဆက်က စစ်အစိုးရတွေဟာ ငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ် ညီရင်းအကိုလို သဘောထား ဆက်ဆံရမည့်အစား အပေါ်စီးကနေပီး မောက်မာခဲ့တာကြောင့် ငြိမ်းချမ်းရေးဟာ ဖြစ်လိုက်ပျက်လိုက်ပါပဲ ဆယ်စုနှစ်များစွာ တိုင်းရင်းသား ညီအကိုအချင်းချင်း ၊သတ်ဖျက်နေခဲ့ကြလို့ မငြိမ်းချမ်းခဲ့ကြဘူး ၊ဒါကြောင့် ထာဝရ ငြိမ်းချမ်းရေး ဖြစ်ဖို့ကို စောင့်ကြည့်ရပါအုံးမယ် ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ဖို့အတွက် အမတန် နူးညံ့သိမ်မွေ့စွာ ရိုးသားပွင့်လင်းစွာ မိသားစုစိတ်ဓါတ်နဲ့ နှလုံးသားတွေကို လမ်းခင်းထားရမှာဖြစ်ပါတယ်။ ဒီအတွက် ပုဂ္ဂိုလ်စွဲ ပါတီစွဲ ဝါဒစွဲတွေကို ဘေးဖယ်ပီးတော့ ထာဝရငြိမ်းချမ်းရေးရဘို့ ဦးသိန်းစိန်ကို အားလုံးတိုက်တွန်းရမယ် ဝိုင်းဝန်းကူညီပံ့ပိုးပေးရမှာပါ သမိုင်းမှာ ဦးနေဝင်း ဦးသန်းရွှေ တို့ မှားခဲ့သမျှ လုပ်ခဲ့သမျှကို နိုင်ငံရေး စီးပွားရေး အနှုတ်လက္ခဏာတွေကို ဦးသိန်းစိန်က ခေါင်းခံပြီး ယူတန်းပြန်လှည့် အကောင်းဘက်ကို ဦးတည်သွားနေတာကတော့ ချီးကျူးပါတယ်။
၎။တိုင်းပြည်အတွက် ကောင်းရာ ကောင်းကျိုးလုပ်ရင်း ထောင်မကျသင့်ပဲ မတရားသဖြင့် နှစ်ရှည် ထောင်ကျခံခဲ့ရသူတွေကို လွှတ်ပေးလိုက်ပါပီ နောက်တခုက အရင် စစ်အစိုးရလက်ထက် တုန်းက အာဏာ အလွဲသုံးစားလုပ်ခဲ့တာတွေ၊ နိုင်ငံပိုင်ဘဏ္ဍာငွေတွေကို ခိုးဝှက်ခဲ့တာတွေ ချစားခဲ့တဲ့ စစ်တပ်ရဲ့ အရာရှိတွေနဲ့ သူတို့နဲ့ ပါတ်သတ်တဲ့သူတွေ အဲ့ဒီလို အကျင့်ပျက်သူတွေကို ဖမ်းပီး ထောင်ချသင့်ပါလျက်နဲ့ ထောင်မချခဲ့ဘူး ဒီအတိုင်းလွှတ်ထားကြတယ် ကဲ..သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာ အဲ့ဒီအမှုတွေကို ဘယ်လို ကိုင်တွယ်ပီး စုံစမ်းစစ်ဆေး ဖေါ်ထုတ်ဖြေရှင်း အရေးယူမလဲဆိုတာ ဆိုတာလည်း ဦးသိန်းစိန်ကို စိန်ခေါ်ချက်တခုပါပဲ။ အဲ့ဒီ အမှုတွေကို ပွင့်လင်းမြင်သာအောင် ကိုင်တွယ်နိုင်မယ်ဆိုရင် ပြီးတော့ ပြည်တွင်းစစ် အပြီးတိုင်ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ခြင်း၊ အခွင့်ထူးခံလူတန်းစား ကင်းမဲ့သော တရားမျှတသော ဥပဒေစိုးမိုးခြင်း လွတ်လပ်ခွင့်နဲ့ လူ့အခွင့်ရေးကို အမှန်တကယ် တန်ဘိုးထားတဲ့နေ့ ကြရင်တော့ သမ္မနေ့လို့သတ်မှတ်တာ အဆင့်နိပ်ပါသေးတယ် သမ္မတကြီး ဦးသိန်းစိန်ကို တောင်အာဖရိကမှ အတိုက်ခံခေါင်းဆောင် သူရဲကောင်း နယ်ဆင်မင်ဒရဲလားနဲ့ တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခဲ့တဲ့ သမ္မတဟောင်း ဒီကလဒ် လိုပဂ္ဂိုလ်မျိုး၊ သို့မဟုတ် ထိုထက်ပိုအဆင့်သာသော မြန်မာနိုင်ရဲ့ အမှန်တရားကို မြတ်နိုးသော ပြည်သူ့ သူရဲကောင်း အဖြစ် ပြည်သူတွေက သတ်မှတ်ကြမှာ သေချာပါတယ်။
ကျော်စွာလင်း(ရိုးမ)
၁၄.၁.၂၀၁၂